ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်

ပြင်ဦးလွင်မြို့ရှိ သုမင်္ဂလာဈေး ( ညံတောဈေး) ခြောက် ထပ်အဆင့်မြင့်ဈေးသစ် တည်ဆောက်ရန် အတွက် ဈေးဆိုင်ခန်းဖယ်ရှားပေးလိုက်သောဈေးသည်များသည် ယင်းဈေးတည်ဆောက်ပြီး စီးသော်လည်း နေရာပြန်ရမည်မဟုတ်ကြောင်း သုမင်္ဂလာဈေးဂရှိ ဈေးသည်များထံက သိရသည်။

စစ်ကောင်စီသည် အဆိုပါစီမံကိန်းပြုလုပ်ရန်အတွက် မူလရောင်းချနေသောဈေးဆိုင်ခန်းနှင့် ဈေးသည် များကို အဝေးပြေးကားကြီးဝင်း ( ပြင်ဦးလွင်) ဈေးသို့နေရာပြောင်းရွှေ့လိုက်ပြီးနောက် ယင်းနေရာမှာပင် ဆက်လက် ရောင်းချစေခြင်းဖြစ် ကြောင်းသိရသည်။

အဆိုပါ ခြောက်ထပ်အဆင့်မြင့်ဈေးသစ်တည်ဆောက်ရန်အတွက် မူလဈေးဆိုင်ခန်းများမှ ရာနှင့် ချီသော စျေးသည်များသည် ယခုနှစ် ဧပြီလကုန်မှစတင်ကာ ဖယ်ရှားပေးခဲ့ရခြင်းဖြစ်သည်။

“ ဈေးစပြောင်းတုန်းက ဈေးသည်တွေရော ဝယ်သူတွေရောအခက်အခဲဖြစ်တယ်။ ဝယ်နေကျ ဈေးသည်မရှိတော့ လိုချင်တဲ့ပစ္စည်းလိုက်ရှာဝယ်ရမယ်။ အချို့အိမ်ပိုင်ရှိတဲ့ဈေးသည်တွေက အိမ်မှာပဲ ရောင်းတော့တယ်။ စစ်ကောင်စီပြောင်းပြီး ရောင်းခိုင်းတဲ့ဈေးမှာမရောင်းတော့ဘူး” ဟု ပြင်ဦးလွင်မြို့ခံ အိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကောင်စီတာဝန်ယူထားသည့်ကာလအတွင်း စီမံကိန်းများပြီးအောင်ဆောင်ရွက်မည်ဟု ပြောကြားပြီးနောက်ပိုင်း ယင်းဈေးတည်ဆောက်ရေး လုပ်ငန်းခွင်ကို ဒီဇင်ဘာ ၆ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်မှုပိုမိုဆိုးဝါးလာသဖြင့် လျှပ်စစ်မီး ရရှိရေး အတွက်ဆိုလာစနစ်အသုံးပြုနေရကာ ယခုတည်ဆောက်နေသည့် ခြောက်ထပ်အဆင့်မြင့် စီမံကိန်းတွင် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရန် ဆိုလာပြားများ တပ်ဆင်ပြီး မည်ဖြစ်ကြောင်း သိရသည်။

ယင်းအဆင့်မြင့်ဈေးတည်ဆောက်ရေးလုပ်ငန်းများအားလုံး ပြီးစီးပါက ဈေးဆိုင်ခန်းများ စနစ်တကျ ဖြစ်စေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင် ဆိုထားသည်။

ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး ( ညံတောဈေး) ကို ခြောက်ထပ်အဆင့်မြင့်ဈေးသစ်ကို Mayo Development Group ကုမ္ပဏီက တည်ဆောက်ကြောင်းသိရှိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်စတင်၍ ပြင်ဦးလွင်မြို့မရဲစခန်းဘေးနှင့် အားကစားဝင်းရှိ ရာနှင့်ချီသောဈေးဆိုင်ခန်းများအပါအဝင် တပ်ပိုင်းမြေဟု သက်မှတ်ထားသည့် နေရာအတွင်း နေထိုင် သူများကို ကျူးကျော်ဟုဆိုကာ ဖယ်ရှားခဲ့သည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ပြင်ဦးလွင်ဈေးလေး #သုမင်္ဂလာဈေး #ခြောက်ထပ်အဆင့်မြင့်ဈေးတည်ဆောက် #Ayeyarwaddy_Times