ဧရာဝတီတိုင်းမ်
ဇွန်လ ၂၇ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ံ၊ လွိုင်လင်လေးမြို့ အထက်တန်းကျောင်းက Non – CDM ကျောင်းဆရာ၊ ဆရာမ ၆ ဦးကို ခေါ်ယူစစ်ဆေးနေတယ်လို့ ကရင်နီရဲတပ်ဖွဲ့ – KSP က ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်သည်။

၎င်းတို့မှာ ကရင်နီပြည်ရဲ၊ အမှတ်(၅)ရဲစခန်းနယ်မြေတွင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၏ခွင့်ပြုချက် သို့မဟုတ် ဒေသခံများ၏ခွင့်ပြုချက်မရှိဘဲ စစ်ကောင်စီ ၏ညွန်ကြားမှုအောက်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျှက်ရှိသည်ဟု ဒေသခံများမှတိုင်ကြားလာသဖြင့် ဇွန်လ ၂၄ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ကြောင်း KSP က ရေးသားဖော်ပြထားသည်။

ယင်းကဲ့သို့ သွားရောက်စစ်ဆေးရာ စစ်ကောင်စီ၏လုပ်ငန်းများ လည်ပတ်ရာတွင် ထောက်တိုင်တစ်ခုအဖြစ် ကူညီအားပေးလျှက်ရှိသော Non-CDM ကျောင်းဆရာ /ဆရာမ (၆)ဦးအား တွေ့ရှိခဲ့သဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ၎င်းတို့အား အမှတ်(၅)ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးမေးမြန်းလျှက်ရှိကြောင်း ရေးသားဖော်ပြထားသည်။

စစ်ဆေးခံနေရသူများမှာ မူလတန်းပြဆရာ ဦးကောင်းဇေယျာငြိမ်း၊ ဦးအောင်ဇော်ထွေး၊ အထက်တန်းပြ ဆရာမဒေါ်နန်း၊အလယ်တန်းပြဆရာမဒေါ်စုလေးငယ်၊ ဆရာမ ဒေါ်ခင်သန်းနဲ့ ဒေါ်မြထွေးတို့ဖြစ်ကြပြီး ၎င်းတို့အား စစ်ဆေးပေါ်ပေါက်ချက်များနှင့် စီရင်ချက်များချမှတ်ပြီးပါက ကရင်နီပြည်သူများအား အသိပေးကြေငြာသွားမည်ဟု ရေးသားထုတ်ပြန်ထားသည်။