ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ် အသုံးပြုသည့် ဟားခါး – ထန်တလန်ကြားရှိ သီမြစ်ချောင်းတံတားကို ချင်းလဲန်းကောင်စီ (CC) လက်အောက်ခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က ဖျက်ဆီးခဲ့ကြောင်း ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်ထံက သိရှိရသည်။

စစ်ကောင်စီတပ်သည် သီမြစ်ချောင်းတံတားကို အဓိက အသုံးပြု၍ ဟားခါးမြို့မှ ထန်တလန်မြို့ တိုက်ပွဲအတွက် စစ်ကူပို့သည့်အတွက် ဒီဇင်ဘာလ ၅ ရက်နေ့က ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က မိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

“စစ်တပ်က ထန်တလန်ကို လေကြောင်းကနေ စစ်ကူပို့လို့မရတဲ့အတွက် ဟားခါးကို လေကြောင်းကနေ အင်အားဖြည့်တယ်။ ပြီးတော့ ဟားခါးကနေ ထန်တလန်ကို စစ်ကူပို့တယ်။ အဲ့လိုစစ်ကူပို့တဲ့နေရာမှာ သီမြစ်ချောင်းတံတားကို အဓိက အသုံးပြုတဲ့အတွက် တံတားကိုဖောက်ခွဲဖျက်ဆီးလိုက်တာဖြစ်တယ်” ဟုရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုအခါ သီမြစ်ချောင်းတံတား ဖျက်ဆီးခံလိုက်ရသည့်အတွက် ထန်တလန်တိုက်ပွဲတွင် စစ်ကောင်စီတပ်သည် ဟားခါးမြို့မှ မြေပြင်စစ်ကူပို့နိုင်မည်မဟုတ်သလို ဟားခါး – ထန်တလန်ကြားကိုလည်း CC လက်အောက်ခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က ထိန်းချုပ်
ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ၎င်းတို့လက်လွတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေတပ်စခန်းများကို ပြန်လည်ထိုးစစ်ဆင်လာနိုင်သည့်အတွက် မလွဲမရှောင်သာ၍ တံတားကို ယခုကဲ့သို့ ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“အရင်က ဟားခါး – ထန်တလန်ကြားကို ကျွန်တော်တို့ ထိန်းချုပ်ပြီးသားဖြစ်တယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်ကနေ အင်အားအများပြားနဲ့ ပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက် ကျွန်တော်တို့ ပြန်လည်လက်လွတ်လိုက်ရတဲ့အခြေအနေပါ။ အခုလည်း ဟားခါး-ထန်တလန်ကြားက အော်တိုစခန်းကလွဲပြီး တပ်စခန်းအားလုံးကို ကျွန်တော်တို့ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ အခုလည်း စစ်ကောင်စီတပ်က အင်အားအများပြားနဲ့ ပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက် တံတားကိုဖျက်ဆီးလိုက်တာဖြစ်ပါတယ်” ဟု CC လက်အောက်ခံ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ် ထန်တလန်မြို့ တိုက်ပွဲဖြစ်ကတည်းက ဒေသခံအားလုံးသည် မြို့ကိုစွန့်ခွာပြီး ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြသည့်အတွက် သီမြစ်ချောင်းတံတားကို အရပ်သားပြည်သူများအသုံးပြုခြင်းမရှိကြောင်း သိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဟားခါးမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် CC လက်အောက်ခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်သည့်နေရာကို ရုန်းတောင်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

ပုံစာ – ဟားခါး – ထန်တလန်ကြား ဖျက်ဆီးခံရသည့် သီမြစ်ချောင်းတံတားကို တွေ့ရစဥ်။
#ထန်တလန်မြို့တိုက်ပွဲ #စစ်ကောင်စီတပ် #သီမြစ်ချောင်းတံတား #ဖျက်ဆီးခံရ
#Ayeyarwaddy_Times