ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ရက်

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း ဗန်းမော်အကျဉ်းထောင်ပွင့်သွားကာ အခြားအကျဉ်းသားများနည်းတူ နိုင်ငံရေးအကျဉ်းသားများပါ လွတ်မြောက်လာကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၆ရက်နေ့ နေ့လယ်ပိုင်းတွင် KIAက ဗန်းမော်မြို့တွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဗန်းမော်အကျဉ်းထောင်မှ အကျဉ်းသားများထွက်ပြေးလွတ်မြောက်ကုန်ကြောင်း သိရသည်။

“မနေ့က နေ့လည်ပိုင်းမှာ အကျဉ်းသားတချို့ ထောင်ဖောက်ပြီးလွတ်လာတယ်။ ညပိုင်းမှာတော့ ထောင်ကိုဖွင့်ပေးလိုက်တယ်ပြောတယ်။ အကျဉ်းသားတွေအကုန်လွတ်သွားတယ်။ ရုပ်သံတွေ၊ ဓာတ်ပုံတွေကတော့ ရဖို့ခက်လိမ့်မယ်။ တိုက်ပွဲပြင်းထန်နေသလို ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေလို့ပါ” ဟု ကချင် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဗန်းမော်နှင့် မံစီမြို့တို့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်က KIA နှင့် တပ်ပေါင်းစုက ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့တွင် မြို့အတွင်းပိုင်းထိ ဝင်ရောက်နေရာယူနေပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက မြို့ကို ကုန်းလမ်း ရေလမ်းမှပိတ်ထားသည့်အတွက် မြို့အတွင်း ပိတ်မိနေသည့် ပြည်သူများလည်း ရှိနေသည်။

ဗန်းမော်နှင့် မံစီအပြင် မိုးမောက်မြို့မှ စစ်ကူဆင်းလာသည့် စစ်ကောင်စီတပ်ကိုလည်း KIA က ၆မိုင်တွင် ကြားဖြတ်တိုက်ခိုက်ထားနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ကို KIA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီက လေကြောင်းမှ လက်နက်နှင့် ရိက္ခာထုတ်များ ပို့ဆောင်ပေးနေကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၆ရက်နေ့က ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီ၏ မြို့မရဲစခန်းနှင့် ဌာနဆိုင်ရာရုံးပေါင်းစုံ ရုံးကြီးကို တိုက်ခိုက်ရှင်းလင်းပြီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုနှစ်အတွင်း လားရှိုးထောင်ပွင့်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခဲ့ပြီး ယခုအခါ ဗန်းမော်ထောင် ထပ်မံပွင့်ခြင်းဖြစ်သည်။

#ဗန်းမော် #စစ်ကောင်စီ #အကျဉ်းထောင် #ထောင်ပွင့် #နိုင်ငံရေးအကျဉ်းသား #လွတ်မြောက် #Ayeyarwaddy_Times