ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၉ ရက်

ကရင်ပြည်နယ်၊မြဝတီမြို့နယ်အတွင်း ည ၁၀ နာရီနောက်ပိုင်း အပြင်ထွက်သူတွေကို ပစ်ခတ်ဖမ်းဆီးမယ်လို့ စစ်ကောင်စီဘက်က လော်စပီကာနဲ့အော်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
သြဂုတ်လ ၁၆ ရက် ညပိုင်းကစလို့ မြဝတီမြို့ရဲစခန်းရှေ့ကနေ လော်စပီကာနဲ့အော်ဟစ်နေတာဖြစ်ပြီး ထွက်တဲ့ဘယ်သူမဆိုပစ်ခတ်ဖမ်းဆီးမယ်လို့ စစ်ကောင်စီဘက်ကပြောဆိုတယ်လို့သိရပါတယ်။

” ပုဒ်မ ၁၄၄ ရယ်ထုတ်တာရယ်လည်းမဟုတ်ဘူး။ အဓိက က မြဝတီမြို့ပေါ်ပေါ့၊ ၁၀ နာရီကျော်ထွက်တာနဲ့ဘသူဘဲဖြစ်ဖြစ် ပစ်ခံရမယ်ဆိုပြီး ရဲစခန်းရှေ့ ကနေအော်နေတာ။ အော်နေတာတောင်ကြောက်ကြောက်နဲ့အော်နေတာ” လို့ မြဝတီမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့က ကော့ကရိတ်မြို့နယ်အတွင်း ခရိုင်ရဲမှူးရုံး၊ ထွေအုပ်၊တရားရုံးနဲ့မြန်မာ့စီးပွားရေးဘဏ်တွေတပြိုင်နက်ဝင်ရောက်ပစ်ခတ်ခံရပြီး ခရိုင်ရဲမှူးအပါ စစ်အုပ်စုလက်အောက်ခံ ရဲတွေနဲ့စစ်ကောင်စီတပ်သားတွေသေဆုံးခဲ့ပြီးတဲ့နောက် မြဝတီမြို့ကိုလည်း အခုလို ပစ်မိန့်တွေထုတ်ပြန်ခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။

လက်ရှိမှာ မြဝတီခရိုင် ကော့ကရိတ်နဲ့မြဝတီမြို့နယ် တွေအတွင်းတိုက်ပွဲတွေဖြစ်ပွားနေပြီး အဲ့ဒီမြို့တွင်းတွေ ကို လည်းလုံခြုံရေးတင်းကြပ်ထားကာ သြဂုတ် ၁၈ ရက် မနေ့ညပိုင်းမှာ စစ်ကောင်စီဘက် လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး ည ၁၁ နာရီကျော်မှာလည်း ရဟတ်ယာဥ် ၄ စီးလောက်ပျံသန်းနေတာတွေ တွေ့မြင်ရတယ်လို့မြို့ခံတွေဆီကသိရပါတယ်။