
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအကြောင်းပြ၍ ငွေတောင်းယူမှုများ လစဥ်ပြုလုပ်နေမှုကြောင့် ဒေသခံအများစု အခက်တွေ့နေကြောင်း ဒေသခံများကပြောသည်။
လေးကြိမ်မြောက် စစ်မှုထမ်းအကြောင်းပြ၍ ငွေတောင်းယူနေသည့် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးမှာ ဦးသိန်းနိုင်ဦးဖြစ်ကာ ဖျာပုံမြို့နယ်၊ ဗျိုင်းကဇီးကျေးရွာတွင်နေထိုင်ပြီး လစဥ်အစည်းအဝေးပြုလုပ်ကာ ဒေသခံများကိုခြိမ်းခြောက်၍ ငွေများကို ဆက်တိုက်ကောက်ယူမှု ပြုလုပ်နေသည်ဟု ဒေသခံများကဆိုသည်။
“သူတို့သားကိုတော့ စစ်မှုထမ်းဥပဒေထုတ်ပြီးတဲ့နောက် ဂျပန်ကိုပို့ထားကြတယ်။ ပိုက်ဆံမပေးချင်တဲ့အိမ်တွေကို အုပ်ချုပ်ရေးမှူးက မဲပေါက်တယ်ဆိုပြီး ပြည်သူ့စစ်မှုထမ်းထဲကိုထည့်နေတာ။ ပြည်သူ့စစ်မှု မထမ်းဆောင်ချင်
ရင် ပိုက်ဆံပေးပေါ့။ ခုက အဲဒါတွေအကြောင်းပြပြီး ငွေတောင်းယူတာတွေကဆက်တိုက်ပြုလုပ်နေတာ။ အခု လစဥ် တစ်အိမ်က်ို ငါးသောင်းပုံမှန်ထည့်ရတယ်” ဟု ဖျာပုံမြို့နယ်ရှိ ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိ လူငယ်များမှာ ရန်ကုန်၊ မြဝတီ၊ ထိုင်း၊ မလေးရှားတို့တွင် သွားရောက်၍ အလုပ်လုပ်ကိုင်နေသူ များပြားလာသည့်အတွက် ယခုလိုငွေတောင်းယူမှုများ ဆက်တိုက်ပြုလုပ်ရကြောင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက ပြောဆိုသည်ဟု ဒေသခံမများကပြောသည်။
ထို့ပြင် ယခင်မတိုင်မှီအချိန်ကလည်း စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးသိန်းနိုင်ဦးသည် အသက် ၁၈နှစ်မှ ၃၅နှစ်တွင်းရှိသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းမဲပေါက်သည်ဟု လိမ်ညာပြောဆိုပြီး ကျပ်ငွေ သုံးသိန်းထက်မနည်း တောင်းယူကြောင်း ဒေသခံများကပြောသည်။
လက်ရှိအချိန်ထိ ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီခန့် ရပ်ကွက်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးအများစုမှာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ခြိမ်းခြောက်၍ ငွေကြေးတောင်းယူမှုများကို ပိုမိုလုပ်ဆောင်လာကြကြောင်း ဒေသခံများကပြောဆိုသည်။
ဧရာဝတီတိုင်းတွင် မြို့နယ်စုစုပေါင်း ၂၆ မြို့နယ်ရှိပြီး မြို့နယ်အလိုက် နည်းအမျိုးမျိုးဖြင့် ပြည်သူ့စစ်မှုထမ်းများကို စုဆောင်းလျှက်ရှိပြီး သက်ဆိုင်ရာ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်ကာ သင်တန်းပြီးဆုံးက ရှေ့တန်းသို့ပိုဆောင်လျှက်ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။
ဓာတ်ပုံ- ဖျာပုံမြို့နယ်၊ ဗျိုင်းကဇီးကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးသိန်းနိုင်ဦး
#ဖျာပုံ #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #ပြည်သူ့စစ်မှုထမ်းအကြောင်းပြ #လစဥ်ငွေတောင်းယူမှုများပြုလုပ်နေလို့ #ဒေသခံ #အခက်တွေ့ #Ayeyarwaddy_Times