ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဒီဇင်ဘာ ၆ ရက်

ချင်းပြည်နယ်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၁ နှင့် တပ်မဟာ ၂ တို့ ပဋိပက္ခပြန်လည်ပြေလည်နိုင်ရန်အတွက် လက်ရှိတွင် နှစ်ဖက်ယုံကြည်မှု တည်ဆောက်နေကြောင်း သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၁ နှင့် တပ်မဟာ ၂ သည် မတူပီမြို့သိမ်းကာလတွင် နိုင်ငံရေး၊ စစ်ရေးအမြင်မတူညီမှုကြောင့် နှစ်ဖက်ထိတွေ့မှုဖြစ်ပြီး ထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်။

” ကျတော်တို့က နှစ်ဖက်ငြိမ်းချမ်းရေးကို လိုလားပါတယ်။ စစ်အာဏာရှင်မင်းအောင်လှိုင်အုပ်စုက တိုင်းပြည် အာဏာကို ပြည်သူဆီက မတရားလုယူတယ်။ ဒါကိုတရားသဖြင့် ဖြေရှင်းနိုင်မှသာ အနိုင်ရမယ်။

ကျတော်တို့က အဓမ္မလုယူလို့ ဓမ္မဖြင့် တိုင်းပြည်ကို အာဏာရှင်လက်က ပြန်ယူချင်တဲ့ တော်လှန်ရေးဖက်တော်သားတွေပဲ ဖြစ်လို့ မှန်ကန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်ပါတယ်။ ဘယ်စစ်အာဏာရှင် မှန်သမျှ မကြိုက်၊ မလိုချင်ပါဘူး” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ ၏ စစ်ရေးတာဝန်ခံဆလိုင်းကီးမိုက ဧရာဝတီတိုင်းမ်ကို ပြောသည်။

CDF-မတူပီ၊ တပ်မဟာ ၁ နှင့် တပ်မဟာ ၂ နှစ်ဖက်သင့်မြတ်ရန်အတွက် ပြီးခဲ့သည့် နိုဝင်ဘာက ခရစ်ယာန်ဘာသာရေးခေါင်းဆောင်းများမှ တပ်မဟာနှစ်ဖက်၏ တာဝန်ရှိသူများနှင့် အသီးသီးတွေ့ဆုံ၍ ညှိနှိုင်းမှုပြုလုပ်ခဲ့ကြောင်းသိရသည်။

” ကျွန်တော်တို့ ဘာသာရေးခေါင်းဆောင်တွေ ဦးဆောင်ပြီးတော့မှ ကျတော်တို့နဲ့ သီးသန့်ပေါ့လေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့တာရှိသလို တပ်မဟာ ၂ နဲ့ သီးသန့်ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့တာလည်းရှိပါတယ်။ အဲ့ဒီအဆင့်ပဲ ရှိပါသေးတယ်။ နောက်နောင်ဘယ်လိုမျိုးအဖြေရှာမလဲဆိုတဲ့ဟာကတော့ ကျတော်တို့လည်း အဆင့်သင့်ထားတာ မရှိသေးဘူး။ တပ်မဟာ ၂ ဘက်ကလည်း မရှိသေးဘူးဆိုတော့ ဘယ်လိုမျိုးအဖြေရှာမလဲ ဆိုတာကတော့ ဆွေးနွေးမှုအပေါ်မှာ နှစ်ဖက်က ဘယ်လိုမျိုးဖြစ်စေချင်သလဲဆိုတာ အများကြီးအပြန်အလှန်‌ ဆွေးနွေးမှုအပေါ်မှာ မူတည်တဲ့အတွက်မို့လို့လေ၊ ဘယ်လိုမျိုးဆိုတာ ကျနော်တို့ တိတိကျကျ ဆုံးဖြတ်ထားတာတော့ မရှိပါဘူး။ ဆွေးနွေးမှုလုပ်မယ်။ ယုံကြည်မှုတည်ဆောက်မယ်ပေါ့လေ”လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၁ ပြန်ကြားရေးမှူးက ပြောဆိုသည်။

လက်ရှိတွင် တပ်မဟာအချင်းချင်းယုံကြည်မှုတည်ဆောက်နေပြီး ညှိနှိုင်းဆွေးနွေးပြီးနောက် ပြည်သူများသိရှိနိုင်ရန် ထုတ်ပြန်သွားမည်ဖြစ်ကြောင်းတပ်မဟာ ၂ ထံမှ သိရသည်။

မတူပီမြို့သိမ်းမတိုင်ခင်တွင် တပ်မဟာနှစ်ဖက်ညှိနှိုင်းမှုရှိသော်လည်း နောက်ပိုင်းတွင် နှစ်ဖက်တွေ့ဆုံမှုမရှိကြောင်းသိရသည်။

ဓာတ်ပုံ-CDF-မတူပီ၊ တပ်မဟာ ၁ နှင့် တပ်မဟာ ၂ ။

#CDF-မတူပီ #တပ်မဟာ ၁ #တပ်မဟာ ၂ #ယုံကြည်မှုတည်ဆောက်နေ #ငြိမ်းချမ်းရေးလိုလား#
#Ayeyarwaddy_Times