အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဩဂုတ်လ ၁၈ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ်နဲ့ ကားတွေကို အကျိုးအမျိုးမျိုးပြဖမ်းယူပြီးနောက်ပိုင်း သက်သေခံအဖြစ် တရားရုံးကိုမသွင်းဘဲ ကိုယ်ကျိုးအတွက် အသုံးပြုတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးထားတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ပျက်စီး တဲ့အထိ အသုံးပြုနေပြီး ပိုင်ရှင်တွေအနေနဲ့ ပြန်ထုတ်ဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ် သူတွေက ပြောပါတယ်။

“ ဒါက ဉပဒေကို တလွဲအသုံးချတဲ့ပုံစံဖြစ်နေတာပေါ့ ဘယ်လိုအကြောင်းကြောင့် ဖမ်းဖမ်း ဖမ်းထားတဲ့ သက်သေခံပစ္စည်းကို တရားရုံးကို သက်သေခံအဖြစ်တင်ပြရမှာဖြစ်တယ် မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းဆိုရင်တော့ တမျိုးပေါ့ ခုကသိသာပါတယ် လက်နက်အားကိုပြီး ပြည်သူဆီက သိမ်းထားတာကို ကိုယ်ကျိုးအတွက်အသုံးချ နေတာသာဖြစ်ပါတယ်”လို့ ဥပဒေကျောင်းဆင်းတဦးက သုံးသပ်ပြောဆိုပါတယ်။

မအူပင်မြို့မရဲစခန်းက အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခဲ့တဲ့ လူတွေရဲ့ ဆိုင်ကယ်နဲ့ ကားတွေကို သက်သေခံ အဖြစ်သိမ်းဆည်းခဲ့ပေမယ့် တရားရုံးကို မတင်သွင်းဘဲ ကိုယ့်အကျိုးအတွက် အသုံးပြုစီးနင်းသလို ပိုင်ရှင်တွေ ပြန်လွတ်လာချိန်မှာလည်း သက်သေခံအဖြစ် သိမ်းထားတဲ့ ကားနဲ့ ဆိုင်ကယ်တွေ ပြန်မပေးတော့တာမျိုးရှိ တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

မအူပင်မြို့မရဲစခန်းက ဖမ်းဆီးထားတဲ့ ဆိုင်ကယ်နဲ့ ကားတွေဟာ လိုင်စင်မဲ့စီးနင်းမှုကြောင့် ဖမ်းဆီးထားတာ တွေရှိသလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းမိချိန်မှာ သက်သေအဖြစ်နဲ့ သိမ်းဆည်းခဲ့တာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။