ဧရာဝတီတိုင်းမ်
(ရန်ကုန်)၊ ဒီဇင်ဘာ ၃ ရက်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန် အကျဉ်း‌ထောင်မှ သေဒဏ်ကျနိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်သူ ကိုပြည့်စုံဦးသည် ကျောက်ကပ် ရောဂါဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့က ကွယ်လွန်ခဲ့ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။

ကိုပြည့်စုံဦး သည် ၂၀၂၁ ခုနှစ်တွင် CDM ပြုလုပ်ခဲ့သည့် တပ်မတော်သား CDM တစ်ဦးဖြစ်ပြီး သေဒဏ် ချမှတ်ခံပြီးနောက် အင်းစိန်ထောင်တွင် အကျဉ်းကျ နေစဉ် ကျောက်ကပ်ရောဂါ နှင့် အဆုတ်ရေဝိုင်း ရောဂါများကို ခံစားခဲ့ရပြီး ခြောက်လအကြာတွင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ဆေးဝါးကုသခွင့်တော့ ရခဲ့တယ်လို့သိရတယ်ဗျ။ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတော့ နိုင်ငံရေးအကျဉ်းသားအားလုံးမရရှိသေးပါဘူးခင်ဗျ” ဟု PPNM မှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကိုပြည့်စုံဦး၏ ရုပ်အလောင်းကို စစ်ကောင်စီက မိသားစုထံ ပြန်လည်ပေးအပ်ခဲ့ပြီး လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ပြန်တမ်းစာကိုလည်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ကိုပြည့်စုံဦးသည် သံလျင်ရေတပ်မှ CDM ပြုလုပ်ပြီးနောက် တော်လှန်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့၍ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩရုတ်လအတွင်းက ဖမ်းဆီးခံခဲ့ရကာ တပ်ပြေးပုဒ်မ အပါအဝင် တမအ(တပ်မတော်အက်ဥပဒေ) ပုဒ်မ ၃၂၊ ၃၇ တို့ဖြင့် အမှုဖွင့်ကာ သေဒဏ်ချမှတ်ခြင်းခဲခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများကို စစ်ကောင်စီက ဆေးဝါးကုသမှု၊ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ ပေးခြင်းမရှိသည့်အတွက် ယခုနှစ် ဆယ့်တစ်လတာ ကာလအတွင်း နိုင်ငံရေးအကျဉ်းသား ၁၈ ဦးနှင့် နိုင်ငံရေး အကျဉ်းသူ နှစ်ဦး တို့သေဆုံးခဲ့ရပြီဖြစ် ကြောင်းလည်း PPNM က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – PPNM

#အင်းစိန်ထောင် #PPNM #နိုင်ငံရေးအကျဉ်းသား #ဆေးဝါးစောင့်ရှောက်မှုမလုံလောက်ခြင်း #သေဆုံး #သေဒဏ်ကျ #တပ်မတော်သားCDM #Ayeyarwaddy_Times