
မြရာ/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သံတမန်ဇုန်တွင် ရဲအုပ်အဆင့်ရှိသူများ လိုက်ပါလာသည့်ကားနှင့် အိမ်စီးကားတိုက်မိပြီး ရဲနှစ်ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ် ရွှေပြည်တော်ဝင်လမ်းနှင့် သဇင်လမ်းလမ်းဆုံတွင် ယမန်နေ့ ဒီဇင်ဘာ ၂ ရက်နေ့ ညပိုင်းက သင်တန်းတက်နေသည့် ရဲအုပ် ၁၇ ဦးပါ ရဲကားကြီးနှင့် အိမ်စီးကားတိုက်မိပြီး ရဲကားတိမ်းမှောက်ကာ ရဲအုပ်နှစ်ဦး သေဆုံးသွားကြောင်း နေပြည်တော်ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံက သိရသည်။
“ရဲကားနဲ့ အိမ်စီးကားတိုက်မိတာ ရဲကားမှောက်ပြီး ဒဏ်ရာတွေရကုန်တာ။ ကုတင် ၁၀၀၀ မှာတင်ထား တယ်။ ရဲအုပ် နှစ်ယောက်သေတယ်”ဟု နေပြည်တော်ရဲတပ်ဖွဲ့နှင့်နီး စပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ရဲအုပ်များလိုက်လာသည့် ကားမှာ နေပြည်တော် ရဲရုံးချုပ်အနီးရှိ မှုခင်းတပ်ဖွဲ့ဌာန (CID) ရုံးတွင် သင်တန်းတက်ပြီးနောက် နေပြည်တော်နယ်မြေအတွင်း ကွင်းဆင်းလေ့လာစဉ် အိမ်စီးကားနှင့်တိုက်မိ၍ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ရဲအုပ်ရဝေထွန်းဆိုသူမှာ ဆေးရုံအရောက်တွင် သေ ဆုံးခဲ့ပြီး နောက်ထပ်ရဲအုပ်တစ်ဦးမှာလည်း ဆေးကုသမှုခံ ယူနေစဉ် သေဆုံးသွားကာ ရဲဒဏ်ရာရရှိသည့် အုပ် ၁၂ ဦးမျာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ရဲကားသည် လမ်းဆုံတွင်တိမ်းမှောက်သွားပြီး အမျိုးသမီးတစ်ဦးမောင်းလာသည့် အိမ်စီးကားမှာမူ လမ်းဘေးမြောင်းအတွင်း ထိုးကျသွားသည့်အတွက် ယာဉ်ပေါ်ပါအမျိုးသမီးမှာ ဦးခေါင်းဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် တိမ်းမှောက်သွားသော ရဲကားပေါ်တွင် CID ရုံးအတွင်း သင်တန်းတက်နေသည့် ရဲအရာရှိများလိုက်ပါလာခြင်းဖြစ်သည့်အတွက် ယာဉ်ပေါ်လိုက်ပါလာသူများမှာ ရဲအုပ်အဆင့်ရှိသူများ ဖြစ်ကြောင်း သိရသည်။
ပုံစာ- ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် ၁၁၀/၂၀၂၃ သင်တန်းဆင်းပွဲကိုတွေ့ရစဉ်
#နေပြည်တော် #ရဲကား #တိမ်းမှောက် #ရဲအုပ် #၂ဦးသေဆုံး #၁၂ ဦး #ဆေးရုံရောက် #Ayeyarwaddy_Times