
ဧရာဝတီတိုင်းမ်
(ချင်း)၊ ဒီဇင်ဘာ ၃ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ချင်းညီနောင်က မြို့အလုံးစုံထိန်ချုပ်နိုင်ရန်အတွက် ဆက်လက်တိုက်ပွဲဖော်ဆောင်နေပြီး စစ်ကောင်စီဘက်က လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက် နေကြောင်းသိရသည်။
ချင်းညီနောင်က မြို့သိမ်းတိုက်ပွဲဆင်နွှဲမှုနှင့် ပတ်သက်၍ သတင်းဌာနတချို့တွင် ချင်းညီနောင်က မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရေးသားဖော်ပြမှုများသည် သတင်း အမှားသာ ဖြစ်ကြောင်း တာဝန်ခံအသီးသီးက ပြန်လည်တုံ့ပြန်ဖြေကြားခဲ့သည်။
“မင်းတပ်ကို ထိန်းချုပ်နိုင်ပြီဆိုတာတော့ မဟုတ်သေးပါဘူးခင်ဗျ။ တချို့မီဒီယာက နည်းနည်းချဲ့ကား ရေးသားတဲ့ သဘောမျိုးပါ။ သိမ်းယူနိုင်တဲ့ စခန်းတွေ တော်တော်များများရှိပါတယ်။ မင်းတပ်မြို့သော် လည်းကောင်း၊ ဖလမ်းမြို့သော်လည်းကောင်း လုံးဝစစ်ကောင်စီကင်းစင်သွားတာမျိုး၊ မြို့ကို အပြည့်အစုံ ထိန်းချုပ်သွားနိုင်တာမျိုးတော့ မဟုတ်သေးပါဘူး” ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောခွင့်ရဆလိုင်းယောမာန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မင်းတပ်မြို့တွင် စစ်ကောင်စီက နေ့စဥ်လေကြောင်းဖြင့် တိုက်ခိုက်နေပြီး လေကြောင်းမတိုက်ခိုက်သည့် ကာလတွင် Y12 လေယာဥ်ဖြင့် လက်နက်ခဲယမ်းနှင့်ရိက္ခာများ လာချပေးကြောင်းသိရသည်။
အလားတူ ဖလမ်းမြို့တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက ဆေးရုံ၊ ဘုရားကျောင်း၊ ကျောင်းဆောင်များနှင့် အများပြည်သူပိုင်အဆောက်အအုံများကို ဦးတည်တိုက်ခိုက် နေကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)ထံက သိရသည်။
“သတင်းကမှားနေပါတယ်။ ကျွန်တော်တို့က မြို့သိမ်းဖို့ ကြိုးစားတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ နေ့တိုင်း ထိတွေ့မှုရှိပါတယ်” ဟု CNDF၏ ပြောခွင့်ရဆလိုင်းတင်မီက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဖလမ်းမြို့နှင့် မင်းတပ်မြို့တို့တွင် စစ်ကောင်စီက ပေါင် ၁၀၀၀ ဗုံးများကို အသုံးပြု၍ လေကြောင်းဖြင့် တိုက်ခိုက်နေပြီး ချင်းညီနောင်ကလည်း ၂၀၂၄ ခုနှစ်အတွင်းတွင် ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေ ဒေသများတွင် စစ်ကောင်စီတပ်ကင်းစင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
ပုံစာ-ချင်းညီနောင်တပ်ဖွဲ့ဝင်များ။
#မင်းတပ်မြို့ #ဖလမ်းမြို့ #ထိန်းချုပ် #ချင်းညီနောင်ကြိုးစား #စစ်ကောင်စီ #လေကြောင်း #ပြင်းပြင်းထန်ထန်တိုက်ခိုက် #Ayeyarwaddy_Times