ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ရက်

အာရက္ခတပ်တော် (AA) က ထိန်းချုပ်လိုက်ပြီး မြေပြင်စစ်ကူလမ်းကြောင်းများပါ ပိတ်ဆို့ခံလိုက်ရသည့် တောင်ကုတ်မြို့ကို စစ်ကောင်စီက နေ့စဉ်နီးပါးဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဒီဇင်ဘာ ၁ရက်နေ့ ညနေ ၃နာရီခန့်က တောင်ကုတ်မြို့ ခရိုင်ကျေးရွာကို ဗုံး လေး လုံးကြဲချတိုက်ခိုက်ခဲ့ရာ တောင်ကုတ်ဒေသခံ နှစ်ဦးသေဆုံးပြီး ၁၉ဦးခန့် ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း သိရသည်။

သေဆုံးခဲ့သူများမှာ တောင်ကုတ်မြို့ ဆေးရုံကွက်သစ်နေ ဒေါ်မသိန်း (၇၁) နှစ်နှင့် သာယာအေး ကျေးရွာတွင်နေထိုင်သူ မောင်ကျော်သက်နိုင် (၁၇) နှစ်တို့ဖြစ်ပြီး ဗုံးစထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။

“စကခ ၅ပတ်လည်က တိုက်ပွဲပြင်းထန်နေတာ။ အဲဒီ့ပတ်လည်လည်း ဗုံးကြဲတယ်။ မြို့ပေါ်ရပ်ကွက် တွေရော မြို့နယ်ထဲက တိုက်ပွဲမရှိတဲ့ရပ်ကွက်တွေပါ ရမ်းကြဲနေတာ” ဟု တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခရိုင်ကျေးရွာတွင် တောင်ကုတ်မြို့ပေါ်ရပ်ကွက်များမှ စစ်ရှောင်လာသည့် ဒေသခံစစ်ဘေးရှောင် အများစုနေထိုင်နေကြပြီး စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခံစစ်ပြင်၍ ပြန်လည်တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) မှာလည်းပိတ်ဆို့တိုက်ခိုက်ခံနေရပြီး မြေပြင်စစ်ကူမပို့နိုင်သည့်အတွက် လေကြောင်းမှ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီသည်တောင်ကုတ်မြို့ကို ၁၇ ရက်တာထိုးစစ်ဆင်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ရက်နေ့တွင် အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း AAက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီက ၎င်းတို့လက်လွှတ်လိုက်ရသည့် တောင်ကုတ်မြို့အပါအဝင် တိုက်ပွဲပြင်း ထန်နေသည့် အမ်းနှင့် ဂွမြို့နယ်တို့တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဓာတ်ပုံ- Arakan Princess Media
ပုံစာ- ဗုံးကြဲတိုက်ခိုက်ခံရသည့် ခရိုင်ကျေးရွာ
#တောင်ကုတ် #စစ်ကောင်စီ #ဗုံးကြဲ #စစ်ရှောင်ဒေသခံ #၂ဦးသေဆုံး #၁၉ဦးဒဏ်ရာရ #Ayeyarwaddy_Times