
ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ ဒီဇင်ဘာ ၂ ရက်
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လင်းဖုံလေးကျေးရွာ အနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားနေပြီး စစ်ကောင်စီက ၎င်းတို့အတွက် အရေးပါသည့် လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေကြောင်း သိရသည်။
စစ်ကောင်စီသည် ၎င်းတို့၏ထောက်ပို့လမ်းကြောင်းအတွက် အရေးပါသည့် လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် လွိုင်ကော်မြို့အနီးပါတ်ဝန်းကျင်ရှိ တပ်ရင်း၊ တပ်စခန်းများ အပြင် ဆီဆိုင်မြို့နယ်ဘက်မှ တပ်ဖွဲ့များဖြင့် အင်အားဖြည့်ကာ အဆိုပါလမ်းပိုင်း တလျှောက် စစ်ကြောင်း ထိုးကာ နယ်မြေစိုးမိုးနိုင်ရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း KNDF ထံက သိရသည်။
“စစ်တပ်ဖက်က မိုးဗြဲ-လွိုင်ကော် လမ်းကြောင်းကိုပြန်ပြီးတော့ နယ်မြေစိုးမိုးတာတွေ လမ်းကြောင်း ကိုထိန်းချုပ် ချင်တာတွေလုပ်ချင်တာမျိုးကြောင့် စစ်ကြောင်းထိုးတယ်ပေါ့နော်။ လွိုင်ကော် မိုးဗြဲလမ်းပိုင်းကတော့စစ်ကောင်စီအတွက်အရေးပါတယ်ပေါ့နော်။ အဲ့ဒီမှာ လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ လမ်းကြောင်းသုံးခုကို ချိတ်ဆက်နိုင်ရင် ပင်လောင်းကနေပြီးတော့ ဖယ်လုံ-မိုးဗြဲ-လွိုင်ကော်ထိ ပြည်ထောင်စုလမ်းမ ဖြစ်တဲ့အတွက် ဒီလမ်းကြောင်းတွေကို စစ်ကောင်စီကထိန်းချုပ်ချင်တယ်ပေါ့ ထိန်းချုပ်နိုင်မှသာ သူတို့ရဲ့ထောက်ပို့လမ်းကြောင်းတွေ အဆင်ပြေနိုင်မဲ့အနေအထားမျိုးဖြစ်တယ်” ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် မိုးဗြဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်သည့်အတွက် စစ်ကောင်စီသည် လွိုင်ကော်-မိုးဗြဲလမ်းပိုင်းအပြင် မိုးဗြဲမြို့ကိုပါ ထိန်းချုပ်နိုင်ရန်ကြိုပမ်းနေပြီး မိုးဗြဲမှတစ်ဆင့် ဒီးမော့ဆိုမြို့နယ်ဘက်သို့ ဆက်လက်လွယ်ကူစွာ စစ်ကြောင်းထိုးနိုင်မည်ဖြစ်သည့်အတွက် ယခုကဲ့သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမိုးဗြဲ-လွိုင်ကော် လမ်းပိုင်းကို စစ်ကြောင်းထိုးနေသည့်တပ်များတွင် ဆီဆိုင်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့များအပြင် တပ်မ ၆၆ လက်အောက်ခံ ခလရ-၈၀ တပ်ရင်းမှ တပ်ဖွဲ့များလည်း ဆက်လက်တိုက်ပွဲဝင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် လင်းဖုံလေးရွာ တိုက်ပွဲတွင်လည်း စစ်ကောင်စီ၏ ခမရ-၈၀ စစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၁၆ ဦးနှင့်အထက် သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၅ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကာ လက်နက် ၂၂ လက်သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – KNDF
ပုံစာ – ပြီးခဲ့သည့်လင်ဖုံလေတိုက်ပွဲမှ ဖမ်းဆီးရမိသည့်သုံ့ပန်းများ
#လွိုင်ကော် #မိုးဗြဲ #စစ်ကောင်စီ #နယ်မြေထိန်းချုပ် #KNDF #တိုက်ပွဲ #Ayeyarwaddy_Times