
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်
ပုသိမ်မြို့မှ ငရုတ်ကောင်းမြို့သို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ခရိုင်အုပ်ရေးဦးစီးဌာနသို့ တင်ပြရပြီး ခွင်ပြုချက်ရရှိမှသာ ပို့ဆောင်ရသည်ဟု ကုန်ပို့ဆောင်ရေးဂိတ်များထံမှသိရသည်။
သယ်ဆောင်မည့်ကုန်ပစ္စည်းများစာရင်းကို ဝယ်ယူသည့်ဆိုင်၊ ဝယ်ယူသူအမည် ၊ နေရပ်လိပ်စာ ဖုန်းနံပတ်များ၊ ဝယ်ယူသည့်ပစ္စည်းအမျိုးအမည်နှင့် ပစ္စည်းအရေအတွက်တို့ကို ခရိုင်ထွေအုပ်ရုံးသို့ပေးပို့ရပြီး ခွင့်ပြုချက်ဖြင့်ပို့ဆောင်ရသည်ဟု ကုန်တင်ယာဉ်မောင်းများကပြောသည်။
” ပုသိမ်မြို့အထွက်ဂိတ်ကစပြီး မရစ်အောင် အချိန်မကြံ့ကြာအောင် ဂိတ်ကြေးပေးရတာပေါ့ ငရုတ်ကောင်းရောက်တဲ့အထိ လေးသောင်းကျော် ငါးသောင်းလောက်ကုန်တယ် ” ဟု ယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ခရိုင်ထွေအုပ်ရုံးသို့ ပေးပို့ရသော ပစ္စည်းများစာရင်းမှာ ဆန်၊စားသုံးဆီ၊ ဆေးဝါးအမျိုးမျိုးနှင့်၊ စက်သုံးဆီအမျိုးမျိုးတို့ဖြစ်ပြီး အခြားစားသုံးကုန်များကို တင်ပြရခြင်းမရရှိဟု ထွေအုပ်ဝန်ထမ်းတစ်ဦးက ပြောသည်။
” တစ်ချို့ဂိတ်တွေက ရောင်းလိုက်တဲ့ဆိုင် ဝယ်တဲ့သူဆီကိုပါ ဖုန်းဆက်ပြီး ဟုတ်မဟုတ် မေးသေးတာ။ အရေအတွက်ကအစ မျက်နှာငယ်လေးနဲ့ စိတ်ရှည်ရှည်ထားရတယ် ဟောက်တာလည်းခံရသေးတယ် ဒါတောင်ပေးထားလို့ ” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
ရခိုင်ဒေသသို့ ငရုတ်ကောင်းမှတဆင့် ပင်လယ်ထွက်ပေါက်မှ ဆန်၊ဆီ၊ဆေးဝါးနှင့်စက်သုံးဆီများမရောက်ရှိစေရန် စားသုံးကုန်ပစ္စည်းများကို တင်းကြပ်ထားခြင်းဖြစ်သည်ဟု အထွေထွေအုပ်ချုပ်ရေးဦးဌာနနှင့် နီးစပ်သူများကပြောသည်။
” ငရုတ်ကောင်းဒေသ ရိုးမထဲမှာ PDF တွေ ရှိနေပြီလား ။ သူတို့ဆီကို စားနပ်ရိက္ခာတွေ ရောက်သွားမလားဆိုတဲ့ စိုးရိမ်စိတ် ကြောက်စိတ်ကလည်းဖြစ်နေတယ်ထင်ပါရဲ့ ၊ ဒါကြောင့်တင်းတင်းကျပ်ကျပ်လုပ်နေတာ ” အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ငရုတ်ကောင်းမြို့အဝင်အထွက်ဂိတ်တွင် စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ထွေအုပ် ၊အခွန်၊စည်ပင် ၊စသုံးလုံးတို့ပါဝင်သည့် အဖွဲ့က ကုန်ပစ္စည်းများကို လိုအပ်သည်ထက်ပို၍ စစ်ဆေးရှာဖွေခြင်းပြုလုပ် သည်ဟု ဒေသခံများကပြောသည်။
ကုန်ပစ္စည်းသယ်ယူခွင့်ကို ကန့်သတ်ကြပ်လိုက်ခြင်းကြောင့် ဒေသခံများ ကုန်ဈေးနှုန်းကြီးမြင့်မှုဒါဏ်ကို ယခင်ကထက်ပို၍ ခံစားနေကြရသည်ဟု ပြောဆိုကြသည်။
#ငရုတ်ကောင်း #ကုန်ပစ္စည်း #သယ်ဆောင်ခွင့်တင်းကျပ် #ခရိုင်အုပ်ရေးဦးစီးဌာန #Ayeyarwaddy_Times