
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် နို၀င်ဘာလအတွင်း ဓါးထောက်လုယက်မှု ခြောက်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ပုသိမ်မြို့မြကျွန်းသာ အိမ်ယာ လမ်းများတွင် အဓိက ဖြစ်ပွားနေပြီး ဆိုင်ကယ်စီး လူငယ် သုံးဦးမှ လိုက်လံဓါးထောက်လုယက်နေခြင်းဖြစ်ကာ ဆိုင်ကယ် နှင့် ဖုန်းများကို အဓိကယူ ဆောင်သွားလေ့ရှိကြောင်း သိရှိရသည်။
“တစ်ယောက်ထဲ ပြန်တဲ့လူတွေကို ပစ်မှတ်ထားကြတယ်တူတယ်။ ပုသိမ်လမ်းတွေက ဒုစရိုက် သမားတွေကြီးစိုးနေသလိုဖြစ်နေပြီ ။ ရဲကတမင်တကာမွေးထားသလားလို့ တောင်ထင်ရတယ်” ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် နို၀င်ဘာလ ၃၀ရက်နေ့ ည၈နာရီခန့်က ပုသိမ်မြို့မှ လူငယ်တစ်ဦးကို ဆိုင်ကယ်စီး အမျိုးသားသုံးဦးမှ ဓါးထောက်ပြီး ဖုန်းနှင့်ပိုက်ဆံအိတ်များလုယူသွားကြောင်း အဆိုပါလူငယ်မှ လူမှုကွန်ရက်(facebook)တွင် ရေးသားထားရာတွင် အခြားအလားတူ အလုခံရသောပုသိမ်မြို့ခံများမှလည်း
၀င်ရောက်မှတ်ချက်ပေးကြပြီး ရဲတပ်ဖွဲ့ကိုဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။
ပုသိမ်မြို့တွင် စစ်ကောင်စီတပ်နှင့်ရဲများ ၊အုပ်ချုပ်ရေးအဖွဲ့များမှ ဆိုင်ကယ်၊ကား၊ Droneများအသုံးပြုပြီး နေ့စဥ်ကင်းလှည့်နေသော်လည်း လွန်ခဲ့သောတစ်နှစ်ခန့်ကစတင်ပြီး လမ်းသွားလမ်းလာများကို ဆိုင်ကယ်စီးပြီး လိုက်လံလုယက်မှုများနှင့် နေအိမ်များကို ၀င်ရောက်ခိုးယူမှုများ ပိုမိုဖြစ်ပွားခဲ့ပြီး တရားခံများကို ဖမ်းမိခြင်းတစ်ကြိမ်မှမရှိသေးကြောင်း ဒေသခံများမှပြောသည်။
ပုသိမ်မြို့တွင် ညစဥ်တိုင်း ကမ်းနားလမ်းနှင့်မဟာဗန္ဓုလလမ်းမကြီး၊ ကန်သုံးဆင့်ပန်းခြံများတွင် မီးရောင်စုံများထွန်းထားပြီး လူစည်ကားနေသည့်ပုံစံ စစ်ကောင်စီမှဝါဒဖြန့်ထားသော်လည်း မြို့စွန်နှင့် လူသွားနည်းသောလမ်းများတွင် ခိုးဆိုးလုယက်မှုများ ကြီးစိုးနေကြောင်း ဒေသခံများထံမှသိရှိရသည်။
#ပုသိမ်မြို့ #စစ်ကောင်စီတပ် #ရဲများကင်းလှည့်နေသော်လည်း #ဓါးထောက်လုယက်မှုများ #ဆက်တိုက်ဖြစ်ပွား
#Ayeyarwaddy_Times