
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ရက်
စစ်ရေးပြင်းထန်နေသည့်ဂွမြို့နယ်တွင် အာရက္ခတပ်တော် (AA) က မြို့နယ်အတွင်းရှိ ကျေးရွာများကို သိမ်းပိုက်ယူခဲ့ပြီး မြို့နှင့်အနီးဆုံးထိ တိုက်ပွဲဖော်ဆောင်လာကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁ရက်နေ့အထိ စစ်ကောင်စီတပ်စွဲခဲ့ရာ လောင်းကျိုးကျေးရွာနှင့် ညောင်ချောင်း ကျေးရွာများကို AAက သိမ်းယူခဲ့ရာ စစ်ကောင်စီတပ်များမှာ ရဟိုင်းကူးတို့ကျေးရွာထိ တပ်ဆုတ် ခဲ့ရကြောင်း သိရသည်။
“စစ်တပ်က ဂွမြို့နဲ့ အနီးဆုံးထိဆုတ်ပေးနေရပြီ။တိုက်ပွဲနေရာတွေက မြို့နဲ့ ငါးမိုင်လောက်ပဲ ကွာတော့တယ်။ ရဟိုင်းကျေးရွာတွေဘက်ကိုတော့ ပြီးခဲ့တဲ့ လကတည်းကပြောင်းခိုင်းထားတယ်။ လေကြောင်းလည်းတိုက်ခိုက်တာရှိတော့ အိမ်တွေတော့ထိခိုက်ပျက်စီးကုန်ပါတယ်” ဟု ဂွဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဂွမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲခဲ့ရာ ရွှေတွင်းတူး၊ ချင်းကုန်း၊ ဆတ်သွား၊ ဆင်ကူး၊ ကျောင်းတောင်၊ ဘာလီချောင်း၊ ကင်းပုံ စသည့်ကျေးရွာများကိုလည်း AA က ဆက်တိုက် သိမ်းပိုက်ထားနိုင်ခဲ့သည်။
ရဟိုင်းကူးတို့ရွာထိဆုတ်ခဲ့ရသည့် စစ်ကောင်စီတပ်များထဲတွင် ခမရ- ၅၆၂နှင့် ခမရ-၅၆၃တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် ဧရာဝတီတိုင်းမှ စစ်မှုထမ်းဥပဒေဖြင့် ခေါ်ဆောင်လာသည့် တပ်သားသစ်အများစုပါဝင်ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီက ဂွမြို့မကျစေရေးအတွက် အင်အားထောင်ချီသုံးပြီး တပ်ရင်းများတွင် လုံခြုံရေးယူခိုင်းထားသည့်အပြင် ဟိုင်းကြီးကျွန်းအခြေစိုက် ပမ္မဝတီရေတပ်မှ စစ်သင်္ဘောများ ကိုပါ အသုံးပြု၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လေကြောင်းမှလည်း Y12 ၊ Y8၊ ဂျက်ဖိုက်တာများဖြင့် တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ကျေးရွာများကို ဗုံးကြဲချပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
အလားတူ AAက ဂွမြို့နယ်တွင်သာမက မောင်တော မြို့ပြင်တွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်း နခခ ၅မြို့သူကြီးကို အနီးကပ်တိုက်ခိုက်နေပြီး မြေပြင်ထောက်ပို့ လမ်းကြောင်းများပါ ဖြတ်တောက်ထားပြီးဖြစ်ကြောင်း သိရသည်။
ပုံစာ-AA တပ်ဖွဲ့ဝင်တစ်ဦးအားတွေ့ရစဉ် (ပုံဟောင်း)
#ဂွ #တိုက်ပွဲ #မြို့အနားကပ်လာ #စစ်ကောင်စီ #တပ်ဆုတ် #ခံစစ်ပြင် #AA #Ayeyarwaddy_ Times