ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်

အမျိုးသမီးများတွင်အဖြစ်များသော သားအိမ်ခေါင်းကင်ဆာကာကွယ်ရေးအတွက် ဧရာဝတီတိုင်း၌ မြို့နယ်သုံးမြို့နယ်ရှိ ကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပေးကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်း၊ ကျိုက်လက်မြို့နယ်၊ လပွတ္တာမြို့နယ်နှင့် မအူပင်မြို့နယ်တို့ရှိ အခြေခံပညာကျောင်းအချို့တွင် အသက် ၉ နှစ်မှ ၁၀ နှစ်ကြား ကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုး‌ပေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ထို့ပြင် KG တန်းတက်ရောက်နေသော ကျောင်းသား၊ကျောင်းသူများကို ဆုံဆို့- မေးခိုင်ရောဂါကာကွယ်ဆေး ( DT) ထိုးပေးကြောင်းသိရသည်။

” HPV ပိုးကိုကာကွယ်ပေးနိုင်တဲ့ဆေးထိုးတာကိုပဲ သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေးထိုးတယ်လို့ သိထားကြတာဖြစ်ပါတယ်။ အပျိုစင် မိန်းမပျိုလေးတွေကို လိင်ဆက်ဆံမှုမရှိသေးခင် အရွယ်ငယ်ငယ်မှာပင် စတင်ထိုးထားသင့်ပါသည်။ အသက် ၉ နှစ်ကနေ ၁၅ နှစ်ကြား ပျိုဖော်ဝင်ချိန်အရွယ်မှာ ထိုးနှံ၍ ကြိုတင် ကာကွယ် ထားသင့်ပါတယ်” ဟု ‌ဧရာဝတီတိုင်းမ်သတင်းဌာနမှ ပင်တိုင်ကျန်းမာရေးဆောင်းပါးရှင် ဒေါက်တာမိုးသစ်နေက ပြောကြားသည်။

ပြည်တွင်း၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနိုင်ရန်အတွက် နာမည်ကြီးပုဂ္ဂလိဂဆေးရုံများတွင်ပင် ကာကွယ်ဆေးမရှိကြောင်း စုံစမ်းသိရသည်။

“ဆေးရုံမှာ သားအိမ်းခေါင်းကင်ဆာကာကွယ်ဆေးမရှိတာကြာပြီ။ ဆေးလည်းမထိုးပေးနိုင်တာကြာပြီ။ တော်တော်ကြာနေပြီ ” ဟု ဆေးဝါးကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင်နာမည်ကြီးပုဂ္ဂလိဂဆေးရုံတစ်ခုတွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးရရှိကာ 4 နှင့် 9 အတွက်ဆေးတစ်လုံးလျှင် ကျပ် လေးသိန်းမှ ခုနစ်သိန်းကြားဈေးရှိကြောင်းသိရသည်။

သားအိမ်ခေါင်းကင်ဆာ‌ရောဂါစောစီးစွာသိရှိနိုင်ရန် အသက် ၃၀ မှ ၄၅ နှစ်အတွင်း အမျိုးသမီးများအနေဖြင့် သားအိမ်ခေါင်းအချွဲအမြှေးစစ်ဆေးသင့်ကြောင်း ကျန်းမာရေးပညာရှင်များက အကြံပြုတိုက်တွန်းထားသည်။

အဆိုပါသားအိမ်ခေါင်းကင်ဆာသည် လိင်ကနေ ကူးစက်သော လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ် (HPV )ကူးစက်ခြင်းဖြစ်ပြီး လိင်မှုကိစ္စမကင်းနိုင်သည့် မည်သူမဆို HPV ပိုး ကူးစက်နိုင်ကြောင်း၊ လိင်ပျော်ပါး ဆက်ဆံဖော်များပါက ကူးစက်နိုင်ခြေမြင့်မားကြောင်း ဒေါက်တာမိုးသစ်နေက ဆက်လက်ပြောကြားသည်။

လိင်အင်္ဂါကြွက်နို့ဖြစ်‌စေ‌သော ဗိုင်းရပ်စ် HPV 16-18 သည် သာအိမ်ခေါင်းကင်ဆာ၊ စအိုကင်ဆာ၊ လိင်တံကင်ဆာ၊ မိန်းမကိုယ်နှုတ်ခမ်းသားကင်ဆာ၊ ခံတွင်း အာ‌ခေါင်လည်‌မြိုကင်ဆာတို့ဖြစ်ပွားနိုင်သည်။

မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးများတွင်အဖြစ်များသော ဒုတိယရောဂါဖြစ်ပြီး ဖြစ်ပွားသူတိုးလာပြီး သေဆုံးသူတိုးလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO) က ထုတ်ပြန်ထားသည် ။

ဓာတ်ပုံ – MOI
#သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး #ဧရာဝတီတိုင်း #ကျောင်းသူဆေးထိုးပေး #Ayeyarwaddy_Times