ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ နိုဝင်ဘာ ၂၇ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လင်ဖုံလေ ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် နှင့် တော်လှန်ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး နှင့်အထက်သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ တပ်မ-၆၆ လက်အောက်ခံ ခလရ-၈၀ တပ်ရင်းမှ အင်အား ၅၀ ဝန်းကျင်ပါ စစ်‌ကြောင်းမှာ လွိုင်ကော်မြို့ဘက်မှ လင်ဖုံလေ ကျေးရွာ နှင့် ကုန်းသာ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၆ ဦးနှင့်အထက် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ငါး ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“လွိုင်ကော်ဖက်ကနေ လင်ဖုံလေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀ ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့က ချေမှုန်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဖက်က အနည်းဆုံး ၁၆ ဦးသေဆုံးတယ်။ စစ်ကောင်စီဘက်က စစ်ကြောင်းက ဖရိုဖရဲဖြစ်ပြီးတော့မှ တပ်ပြန်ဆုတ်ရတဲ့အနေအထားဖြစ်ပါတယ်။ စစ်ကောင်စီတပ်သားထဲက စစ်သုံ့ပန်း ငါး ဦးကို ဖမ်းဆီးရမိတယ်။ ငါး ဦးထဲကတစ်ဦးကတော့ ဆေးကုသမှုခံယူနေတဲ့အချိန်မှာပဲသေဆုံးသွားတာဖြစ်ပါတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါး ဦးကိုအရှင်ဖမ်းမိခဲ့ပြီး တစ်ဦးမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကာ ဖမ်းဆီးရမိသူများမှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ရှေ့တန်းသို့ရောက်ရှိလာဖြင်းဖြစ်ကြောင်း ၎င်းတို့ကိုဖမ်းမိခဲ့သည့် ရုပ်သံဗီဒီယိုထဲတွင် ဖြေဆိုခဲ့သည်ကိုလည်း တွေ့ရှိရသည်။

ထို့ပြင် အဆိုပါ ခလရ-၈၀ တပ်ရင်းစစ်ကြောင်းထံမှ လက်နက် ၂၀ ကျော် နှင့် ခဲယမ်းအများအပြားကို သိမ်းဆည်း ရမိခဲ့ကြောင်းလည်း သိရသည်။

KNDFတပ်ဖွဲ့၏ ဒုစစ်ဦးစီးချုပ်မာဝီကလည်း ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင်”တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ မှ ဗိုလ်ကြီးလင်းဇော် မိသားစု မုန့်ဟင်းခါး ချက် လို့ ရ ပါပြီ။ အမှန်တော့ ၈၀ တစ်တပ်လုံးနီးပါးချက်ရမှာပါ။ စုပေါင်းချက်ကြပေါ့ဗျာ” ဟု ရေးသားခဲ့သည့်အတွက် သေဆုံးသူများတွင် ဗိုလ်ကြီးအဆင့်ရှိသူလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်မှ တကျော့ပြန်စစ်ရေးလှုပ်ရှားမှုများ ပြန်လည်ပြုလုပ်လာသည့်အတွက် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေပြီး ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံ ဒေသတွင် စစ်ကောင်စီ နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့
ပုံစာ – တိုက်ပွဲအတွင်းသိမ်းဆည်းရမိသည့်လက်နက်များ
#ကရင်နီ #လွိုင်ကော် #စစ်ကြောင်းထိုး #ခလရ၈၀ #သေဆုံး #KNDF #Ayeyarwaddy_Times