
ဧရာဝတီတိုင်းမ်
(ဖယ်ခုံ)၊ နိုဝင်ဘာ ၂၈ ရက်
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းပေါ ကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်နေ့က စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ကလေး သုံး ဦးအပါအဝင် ဒေသခံ ခြောက် ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖယ်ခုံ အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ကုန်းပေါ ရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကုန်းပေါရွာမှ တစ်လသား အရွယ် နှင့် တစ်နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးနှင့်အတူ မိခင်ဖြစ်သူလည်း သေဆုံးခဲ့ပြီး အဆိုပါ သားအမိ သုံး ဦး၏ဈာပနကို ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီရဲ့ဖယ်ခုံအခြေစိုက် တပ်စခန်းတွေကပစ်တာဖြစ်ပါတယ်။ အဲ့ဒီဘက်မှာတော့ တိုက်ပွဲတွေ ဖြစ်လေ့ဖြစ်ထ ဖြစ်တာမျိုးမရှိပါဘူးဗျ” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသူများမှာ ကုန်းပေါရွာမှ သားအမိသုံး ဦးအပါအဝင် အမျိုးသမီး ငါးဦး နှင့် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသား နှစ် ဦးနှင့် အမျိုးသမီးတစ် ဦး တို့ထိခိုက်
ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင်လည်း စစ်ကောင်စီသည် ကုန်းပေါကျေးရွာဘက်သို့ ထပ်မံ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်း သိရသည်။
ဖယ်ခုံမြို့နယ်တွင် ပြီးခဲ့သည် နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာမှ စပါးရိတ်ပြန်လာသည့် ဒေသခံ အယောက် ၂၀၀ ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခံရသူများကို ငွေကြေးဖြင့် ပြန်ခေါ်ယူခဲ့ရကြောင်းလည်း KNDF ထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – သေဆုံးသူသားအမိ သုံး ဦး၏ ဈာပနအခမ်းအနား
#ဖယ်ခုံ #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #ဒေသခံသေဆုံး #Ayeyarwaddy_Times