
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်
စစ်ရှုံးစစ်ကောင်စီက မကြာမီတွင် ပြင်ဦးလွင်မြို့၌ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ ကျင်းပရန် စီစဉ်နေပြီး ပြင်ဦးလွင်-ရပ်စောက်-ဗထူးတပ်နှင့် ရှမ်းတောင်တို့ကို စစ်မီးမကူးစက်အောင် နောင်ချိုမြို့ရှိ တောင်ခမ်း အမြောက်စခန်းများအား အသဲအသန် ကာကွယ်နေကြောင်း စစ်ရေး၊ နိုင်ငံရေး ကျွမ်းကျင်သူများထံက သိရသည်။
လက်ရှိတွင် နောင်ချိုမြို့ကို တအာင်းတပ်မတော် (TNLA)က ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း သိမ်းပိုက်ထား၍ စစ်ကောင်စီက ယခုနိုဝင်ဘာ တစ်လလုံးနီးပါး လေကြောင်း၊ လက်နက်ကြီးများ ဖြင့် ဗုံးကြဲပစ်ခတ်နေသလို ၎င်းနှင့် မိုင် ၂၀ ခန့်အကွာရှိ တောင်ခမ်း အမြောက်စခန်းများကို အင်အားဖြည့်နေကြောင်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့သည် ပြင်ဦးလွင်နှင့် ချိတ်ဆက်မြို့နယ် တစ်ခုဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ် ပထမအပတ်တွင် စစ်တက္ကသိုလ် ကျောင်းဆင်းပွဲများ ပြုလုပ်မည်ဖြစ်ကာ ထိုအတွက် သေ ချာပြင်ဆင်၍ ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နေကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“မနှစ်တုန်းကတော့ ခိုးကြောင်ခိုးဝှက် လုပ်တာပေါ့။ ဒီနှစ်တော့ သေသေချာချာလေး လုပ်ချင်တဲ့ သဘောရှိတယ်။ ဒါကြောင့်မို့ ကြိုပြီးတော့မှ ပြင်ဦးလွင်၊ မန္တလေး ပတ်ချာလည်ကို ကာကွယ်နေတာလို့ပဲ ပြော ရမှာဖြစ်တယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နောင်ချိုမြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် နိုဝင်ဘာ ၁ ရက်မှ ၂၅ ရက်အထိ ဒေသခံ ၁၈ ဦး သေဆုံးပြီး ၃၄ ဦး ထိမှန်ဒဏ်ရာရကာ TNLA က ပြည်သူများကို စစ်ရေးသတိရှိရန် အသိပေးထားကြောင်း ၎င်းတို့ ထုတ်ပြန်ချက်အရ သိရသည်။
ထိုမြို့နှင့် မိုင် ၂၀ လောက်အကွာတွင် တောင်ခမ်း အမြောက်စခန်းများရှိပြီး ပြင်ဦးလွင်မြို့ဘက် ထွက်မလာအောင် ကာထားသောကြောင့် အဆိုပါစခန်းများ မကျစေရေးအတွက် စစ်ကောင်စီက ကြိုးပမ်း ကာကွယ်နေကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
“အဲဒါချလို့ရှိရင် ပြင်ဦးလွင်နဲ့က ၁၀ မိုင်လောက်ပဲ ဝေးတော့မှာ ဖြစ်တဲ့အတွက် ပြင်ဦးလွင်ကို ဆက်ထိုးတော့မှာ သေချာတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ တောင်ခမ်း အမြောက်စခန်းတွေကို လေကြောင်းထိုးစစ်နဲ့ အသဲအသန် ကာကွယ်နေတာပါ” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို သုံးသပ်ထောက်ပြသည်။
အဆိုပါ တောင်ခမ်းသည် နောင်ချိုမြို့မှ ရပ်စောက်မြို့ဘက်သို့ ဆင်းသောလမ်း၏ အောက်ထောင့်တွင် တည်ရှိနေသလို ရပ်စောက်နားတွင်လည်း ဗထူးတပ်မြို့ရှိကာ စစ်ကောင်စီအတွက် အရေးကြီးသည့် စစ်နယ်မြေဖြစ်၍ ဆက်၍ စစ်မီးကူးနိုင်ကြောင်း သုံးသပ်နေကြခြင်း ဖြစ်သည်။
#စစ်ကောင်စီ #စစ်တက္ကသိုလ် #ကျောင်းဆင်းပွဲ #ကျင်းပရန်စီစဉ်နေပြီး #စစ်မီးမကူးရေး #တောင်ခမ်းကို #အသဲအသန်ကာကွယ်နေ #Ayeyarwaddy_Times