ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျေးရွာရာအိမ်မှူးက အမျိုးသားများရှိသည့် နေအိမ်များကို ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ငွေများတောင်းယူနေကြောင်း ဒေသခံများထံက သတင်းရရှိသည်။

မဘေကျေးရွာအုပ်စု၊ ကွင်းချောင်းကြီးကျေးရွာ ရာအိမ်မှူး ဦးခင်မောင်ညွန့်သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ကျေးရွာအတွင်း အမျိုးသားများရှိသည့် နေအိမ်များကို အနည်းဆုံး ကျပ်ငွေတစ်သိန်းကစတင်ကာ တောင်းယူသည်ဟု ဒေသခံများကပြောသည်။

“ယောက်ကျားလေးရှိတဲ့ အိမ်တိုင်းကို ငွေတောင်းတာ၊ တစ်သိန်းအနည်းဆုံးထားပြီးတောင်းတယ်။ သူတို့ကြည့်မရတဲ့သူဆိုရင် စစ်တပ်လက်ထဲအပ်ပြီး စစ်မှုထမ်းခိုင်းတယ်။ လုပ်နေတာ အရမ်းကိုများနေပြီ။ ကြောက်ပြီး မရှိရှိတာတွေ ပေးနေရပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကွင်းချောင်းကြီးကျေးရွာတွင် အိမ်ခြေ ၁၅ဝ ဝန်းကျင်ရှိပြီး ကျပ်ငွေ တစ်သိန်းအနည်းဆုံးထားကာ ပေးဆောင်ရသလို အချို့နေအိမ်များမှာ ငွေကြေးပြည့်စုံ၍ ပြည်သူ့စစ်မှုထမ်း မထမ်းဆောင်ရရေး ကျပ်ငွေသိန်းဆယ်ချီ၍ အပြတ်ပေးရကြောင်း ဒေသခံများကပြောသည်။

ကွင်းချောင်းကြီးကျေးရွာ ရာအိမ်မှူး ခင်မောင်ညွန့်သည် စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းချိန်မှစတင်၍ ဒေသခံလူငယ်များကို မဲနှိုက်ခိုင်းကာ မဲပေါက်သူများကို စစ်မှုထမ်းဆောင်ခိုင်စေသည့်အပြင် နောက်ပိုင်းတွင် မဲနှိုက်ခိုင်ခြင်းမပြုတော့ပဲ တိုက်ရိုက်ဆင့်ခေါ်မည်ဟု ပြောဆိုခြိမ်းခြောက်ကာ ငွေတောင်းယူမှုများ ပိုမိုပြုလုပ်လာကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် နိုင်ငံခြားသို့ထွက်ခွာ၍ အလုပ်လုပ်ကိုင်နေ၍ လူမရှိသည့် နေအိမ်များကိုလည်း အိမ်ထောင်စုစာရင်းဇယားပြကာ ပြည်သူ့စစ်မှုထမ်းနှင့် သက်ဆိုင်သည်ဟု ပြောဆိုပြီး ငွေများတောင်ယူခဲ့သည့်ဟု ဒေသခံများကဆိုသည်။

ဖျာပုံမြို့နယ်တွင်လည်း စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး ကျေးရွာအတွင်း ငွေသိန်းရာချီ တောင်းယူခဲ့သော အုပ်ချုပ်ရေးမှူးတစ်ဦးကို ဒေသခံများက တိုင်ကြားသဖြင့် စစ်ဆေးပြီး နို၀င်ဘာလအတွင်းက ရာထူးမှ အနားပေးရုံသာပြစ်ဒဏ်ချမှတ်ခဲ့သည်။

ဧရာဝတီတိုင်းတွင် မြို့နယ်စုစုပေါင်း ၂၆မြို့နယ်ရှိပြီး စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချူပ်ရေးမှူးများနှင့် စစ်ကောင်စီတပ်တို့ပူးပေါင်းကာ အောက်တိုဘာလက စတင်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ငွေတောင်းယူမှုများ ပိုမိုလုပ်ဆောင်လာကြသည်။

#မော်လမြိုင်ကျွန်း #အမျိုးသားရှိသည့်နေအိမ်များကို #ကျပ်ငွေတစ်သိန်း #ကျေးရွာရာအိမ်မှူး #ကွင်းချောင်းကြီးကျေးရွာ #ဦးခင်မောင်ညွန့် #Ayeyarwaddy_Times