ဧရာဝတီတိုင်းမ်
(ဟားခါး)၊ နိုဝင်ဘာ ၂၆ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီတပ် အခြေစိုက်ထားသည့် ရုန်းတောင်၊ ဟားခါးဗျူဟာကုန်းနှင့် ခလရ ၂၆၆ တပ်ရင်းတို့တွင် ယနေ့၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ နေလည် ၁ နာရီခန့်က ရဟတ်ယာဥ်ဖြင့် ငါးကြိမ်ခန့်လာရောက်ပြီး စစ်သည်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်းသိရသည်။

ထို့အပြင် ဟားခါးမြို့တွင် စစ်ကောင်စီက လက်နက်ခဲယမ်းနှင့် အခြားရိက္ခာဖြည့်တင်းမှုများကိုလည်း ဆက်လက်လုပ်ဆောင်နေပြီး ဟားခါးမြို့သိမ်းတိုက်ပွဲသတင်းကြောင့် စစ်ကောင်စီတပ်က ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဟားခါးမြို့သိမ်းမယ့် သတင်းထွက်လာတာနဲ့ စစ်ကောင်စီက လေကြောင်းနဲ့ ရိက္ခာချတာတွေ၊ အင်အားဖြည့်တင်းတာတွေ ဆက်လက်လုပ်ဆောင်လာပါတယ်။ တကယ်လို့ မြို့သိမ်းတိုက်ပွဲဖြစ်ခဲ့ရင် ကြိုတင်ကာကွယ်ဖို့ ဖြစ်မယ်လို့ ထင်တယ်။ လောလောဆယ်မှာတော့ မြို့ပေါ်မှာ ပြည်သူတွေ ပုံမှန်အတိုင်းပဲ ရှိပါတယ်´´ဟု ဟားခါးမြို့၊ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ချင်းလဲန်အစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့က ခံစစ်စနစ်မှ ထိုးစစ်စနစ်ကို ပြန်လည်စတင်ပြီးနောက် ဟားခါးမြို့သိမ်းမည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် မင်းတပ်မြို့တို့တွင် ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်တို့ကလည်း မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး ချင်းညီနောင်ဘက်က အောင်ပွဲများရရှိနေကြောင်းသိရသည်။

ဟားခါးမြို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟားခါး)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှ တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စီးကိုလည်း ပစ်ခတ်နိုင်ခဲ့ကြောင်း ဒေသတွင်းသတင်း ဖော်ပြချက်များအရ သိရသည်။

ဓာတ်ပုံ-CDFဟားခါးနှင့်ဟားခါးမြို့။
#ဟားခါးမြို့သိမ်းတိုက်ပွဲသတင်း #စစ်ကောင်စီ #လေကြောင်း #အင်အားဖြည့်တင်းမှုများပြုလုပ်
#Ayeyarwaddy_Times