ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ နိုဝင်ဘာ ၂၆ ရက်
ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့အထိ စာရင်းများအရ ကိုယ်ဝန်ဆောင်အမျိုးသမီးပေါင်း ၇၄၀ ဦး အထိရှိနေပြီး လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခအခြေအနေများကြောင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်များ ကြုံတွေ့နေရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံက သိရသည်။
ကရင်နီပြည်နယ်အတွင်း ရင်ဆိုင်နေရသည့် စစ်ရေးအခြေအနေများကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုများအပြင် ကိုယ်ဝန်ဆောင်အားဆေးများကဲ့သို့သော ဆေးဝါးလိုအပ်ချက် အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
လက်ရှိတွင် ကရင်နီပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအပြင် နို့တိုက် မိခင်ပေါင်း ၃၀၀၀ ဝန်းကျင်ရှိနေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ တစ်ပြည်နယ်လုံးအတိုင်းအတာအရ အယောက် ၃၀၀၀ ဝန်းကျင်ရှိကြောင်းလည်း IEC ထုတ်ပြန်ချက်အရ သိရသည်။
“ကိုယ်ဝန်သည်အမျိုးသမီးတွေနဲ့ပါတ်သတ်ပြီး လက်ရှိအနေအထားမှာလည်း သွားရေးလာရေး ခက်ခဲတာတွေ ခရီးစရိတ်အခက်အခဲဖြစ်တာမျိုးတွေ အထူးသဖြင့် ကျန်းမာရေးဌာနဘက်ကနေ တက်နိုင်တဲ့ဘက်ကလုပ်ဆောင်ပေးနေတာရှိတယ်။ ကိုယ်ဝန်သည် ပြုစုစောင့်ရှောက်တာတွေ အဲ့ဒါနဲ့ပါတ်သတ်ပြီး ကျန်းမာရေးဝန်ဆောင်မှုတွေရအောင် လုပ်ဆောင်နေပေမဲ့ တချို့ကိစ္စရပ်တွေမှာလည်း လက်လှမ်းမှီဖို့ အရမ်းခက်ခဲနေသေးတယ်” ဟု IEC အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန၊ ဌာနမှူးကြီး အဂ္ဂသာနုနု ကဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ကျန်းမာရေးကိစ္စများအတွက် သွားလာရေးခက်ခဲခြင်း၊ လမ်းခရီးစရိတ်ကြီးမြင့်ခြင်း၊ လုံခြုံရေး နှင့် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲမှုများကိုလည်း ရင်ဆိုင် ကြုံတွေ့နေရကြောင်း သိရသည်။
အဆိုပါအခက်အခဲများအပြင် စစ်ကောင်စီ၏ စစ်ဘေးရှောင်စခန်းများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်စခန်းများရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ လုံခြုံစွာမီးဖွားနိုင်ခြင်းမရှိသည့် အခက်အခဲများကိုလည်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
“မိခင်နဲ့ကလေးနဲ့ပါတ်သတ်ပြီးတေ့ာမှ ကျွန်မတို့ဌာနအနေနဲ့ အစီအမံတွေ ထပ်ပြီးတော့ရေးဆွဲပြီးတော့မှ တုံ့ပြန်ဆောင်ရွက်ဖို့ရန်လည်း ပြင်ဆင်ထားတာရှိပါတယ်။ ကိုယ်ချည်းပဲလုပ်လို့လည်း အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်။ အခြားသော အဖွဲ့အစည်းတွေနဲ့ပူးပေါင်းလုပ်ဆောင်မှသာလျှင် အဆင်ပြေမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ရန်လည်း ကျွန်မတို့ တက်အားသ၍ အခြားစောအဖွဲ့အစည်းတွေ၊ တစ်ဦးတစ်ယောက်ချင်းစီသာမက ဝိုင်းဝန်းပြီး ကူညီပေးဖို့လည်း လိုအပ်မယ်လို့ သုံးသပ်မိပါတယ်” ဟု အဂ္ဂသာနုနု က ဆက်လက်ပြောကြားသည်။
ဆက်လက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် မီးဖွားပြီးနောက်ပိုင်း လိုအပ်သည့် နောက်ဆက်တွဲကျန်းမာရေးစောင့်ရှောက်မှုများ၊ အစာအာဟာရပြည့်မှီစွာ စားသုံးနိုင်မှု အကန့်သတ်များ စသည့် အခက်အခဲများလည်း ရှိနေသည့်အတွက် အရေးပေါ်ငွေကြေးထောက်ပံ့မှုများ၊ အာဟာရပြည့်ဝသော အစားအစာပံ့ပိုးမှုများ၊ မီးဖွားပြီးစောင့်ရှောက်မှု နှင့် ကျန်းမာရေး အစီအမံများကို အကောင်အထည်ဖော်နိုင်ရန် လိုအပ်နေကြောင်းလည်း IEC က ထုတ်ပြန်ထားသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်တွင် ကရင်နီပြည်နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူအများစုမှာ ပညာဆက်လက်သင်ကြားတော့ခြင်းမရှိသည့်အတွက် ပညာရေးတပိုင်းတစဖြင့်အိမ်ထောင်ကျခြင်း၊ မျိုးဆက်ပွားကျန်းမာရေး အသိပညာများ နိမ့်ကျခြင်း များကြောင့် ဆယ်ကျော်သက်မိန်းကလေးငယ်များနှင့် အမျိုးသမီးများကို မျိုးဆက်ပွားကျန်းမာရေး အသိပညာများ မြှင့်တင်နိုင်ရန်လည်း လိုအပ်နေကြောင်း သိရသည်။
လက်ရှိတွင် အမျိုးသမီး နှင့် ကလေးသူငယ်ရေးရာဌာန မှ အရေးပေါ်လိုအပ်ချက်များရှိနေသည့် ကိုယ်ဝန်ဆောင် ၁၅၀ ဦးကို ထောက်ပံ့ကူညီထားပြီး ကရင်နီတစ်ပြည်နယ်လုံးရှိ ၃၀၀၀ ဝန်းကျင်ရှိသော ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် နို့တိုက်မိခင်များအတွက် လိုအပ်သည့် အာဟာရဖြည့်စွက်စာများ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများအတွက် ရေးဆွဲအကောင်ထည်ဖော်မည့် အစီအစဉ်ကို ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းအသီးသီးမှ ဝိုင်းဝန်းကူညီပေးကြရန်လည်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ယက်
#အမျိုးသမီးကဏ္ဍ #ကရင်နီ #ကိုယ်ဝန်ဆောင်အမျိုးသမီး #IEC #အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာန #ဌာနမှူးကြီး# အဂ္ဂသာနုနု #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေ သည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)