ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်

မန္တလေးတိုင်း၊ အမရပူမြို့နယ်၊ တပ်ကြီးကျေးရွာ၊ အိုးတုတ္တန်းစစ်ဆေးရေးဂိတ်အနီးတွင် ကျောင်းဆရာမတစ်ဦး ဓားဖြင့်ထိုးကာ လုယက်သတ်ဖြတ်ခံရကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၃ ရက် နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် ဆိုင်ကယ်စီးလာသည့် အလယ်တန်းပြကျောင်းဆရာမတစ်ဦး၏အနောက်မှ အမျိုးသားနှစ်ဦး လိုက်လာပြီး လည်ပင်းကိုဓားဖြင့်ထိုးကာ ဆွဲကြိုးနှင့်ဆိုင်ကယ်ကို လုယက်ခဲ့ရာ ကျောင်း ဆရာမမှာ နေရာတင်သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ကျောင်းဆရာမရဲ့ ဆိုင်ကယ်နဲ့ဆွဲကြိုးကိုလုတာ။ လည်ပင်းကို ဓားနဲ့ထိုးသွားတာ။ ကားဆရာတစ်ယောက်က လုတဲ့ကောင်တွေရဲ့ဆိုင်ကယ်နဲ့အလုခံရတဲ့ ဆိုင်ကယ် နှစ်စီးလုံးကို ဖြတ်တိုက်ပစ်တာ တစ်ယောက်က ထွက်ပြေးသွားတယ်။ တစ်ယောက်ကိုတော့ ပြည်သူတွေဝိုင်းဖမ်းလို့မိသွားတယ်”ဟု အမရပူရမြို့နေအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လုယက်သတ်ဖြတ်ခံရသည့်နေရာသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဂိတ်ချငွေကြေးကောက်ခံနေသည့်နေရာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုယက်သတ်ဖြတ်ခံရသူသည် အမရပူရမြို့နယ်၊ ကြည့်မြင်တိုင်ကျေးရွာ၊ အထက(ခွဲ)မှ Non CDM အလယ်တန်းပြဆရာမ ဒေါ်အေးမြတ်ခိုင်ဖြစ်ပြီး လုယက်သွားသူများကို စစ်ကောင်စီတပ်သားများမှ လိုက်လံရှာ‌ဖွေဖမ်းဆီးခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် လုယက်သတ်ဖြတ်မှုကျူးလွန်သူတစ်ဦး ကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ် များတွင် ဖော်ပြထားသည်။

ကားဖြင့်တိုက်၍ ပြည်သူများမှ ဝိုင်းဝန်း၍ ဖမ်းဆီးရမိ သူသည် တံတားဦးမြို့နယ်၊ သင်ပန်းရွာနေ ခန့်ဇင်လင်း ၂၀ နှစ်နှင့် ထွက်ပြေးလွတ်မြောက်သွားသည့် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေ ကျော်ကြီးဆိုသူဖြစ်ပြီး စစ်ကောင်စီက လိုက်လံဖမ်းဆီးနေကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူထံက သိရသည်။

“လုတဲ့ကောင်တွေက စစ်ဆေးရေးဂိတ်တွေဘာတွေလည်း ဂရုမစိုက်တော့ဘူး၊ သူတို့ကိုဖမ်းမှမဖမ်းတာ။ နေ့ခင်း ကြောင် တောင်လည်း လုယက်သတ်ဖြတ်နေတာ စိတ်မချရဘူး။ အခုလည်းပြည်သူတွေက ဝိုင်းဖမ်းလို့ တယောက်ကိုမိတာ။ သူတို့(စကစ)သာဆို လိုက်မဖမ်းဘူး။ သူတို့ကိုက လွှတ်ထားတာ ဝေစားမျှစားလုပ် နေကြတာ”ဟု မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်နေ အမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်၊ မွန်းလွဲပိုင်းကလည်း အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ မုတ်ပုလဲကျေးရွာ ထုံးဘို-မြစ်ငယ် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အနီးဖွင့်လှစ်ထားသည့် Denko စက်သုံးဆီဆိုင် သေနတ်ပစ်ဖောက်၍ ဓားပြတိုက်လုယက်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ-အလယ်တန်းပြကျောင်းဆရာမအား လုယက်သက်ဖြတ်ခဲ့သူတစ်ဦးကိုဖမ်းဆီးရမိစဉ်

#မန္တလေး #အမရပူရ #တပ်ကြီးကျေးရွာ #ကျောင်းဆရာမ #လုယက်သတ်ဖြတ်ခံရ #Ayeyarwaddy_Times