ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်

မြန်မာ – တရုတ်နယ်စပ်ဂိတ်များပိတ်ထားချိန်တွင် ကမ္ဘာ့အဖိုးတန်မြေရှားသတ္တုတူးဖော်ရာ၌ လိုအပ် သော မြေဩဇာမရှိသဖြင့် လုပ်ကွက်အချို့လုပ်ငန်းရပ်ဆိုင်းထားရကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ကချင်ပြည်နယ်၊ ပန်ဝါဒေသရှိမြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းများထံမှ အခွန်တိုးကောက်မည် ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီနှင့် မဟာမိတ်ပြည်သူ့စစ်နှင့် နယ်ခြားစောင့်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းထိန်းချုပ်သော ကချင်အထူးဒေသ (၁) ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ယခု နိုဝင်ဘာလအတွင်း သိမ်းပိုက်ပြီးနောက် ရာနှင့်ချီရှိသော မြေရှားသတ္တုလုပ် ကွက်များကို ပိုင်ဆိုင်လိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသားအများစု ပိုင်ဆိုင်သော မြေရှားသတ္တုတူးလုပ်ကွက်များအတွက် ယခင်က ပြည်သူ့စစ်ကို အခွန်ဆောင်ရပြီး ယခုအခါ KIA နှင့် PDF များထံအခွန်ဆောင်ရမည်ဖြစ်ကြောင်း သတ္တုတူးဖော်ရေး ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

” သတ္တုထဲဖျော်ရတဲ့ မြေဩဇာမဝင်သေးဘူး။ မြေဩဇာမရှိတဲ့ ဆိုက်တွေကတော့ မလုပ်သေးဘူး။ ဒီလ ကုန်ပြီးလောက်ရင်တော့ တရုတ်ဂိတ်ဖွင့်မယ်လို့ကြားတယ်။ တရုတ်ဂိတ်ကို KIA ကပိတ်ထားတာ။ တရုတ်ဘက်ကဖွင့်တယ်။ ပစ္စည်းတွေကို KIA က အဝင်မခံသေးတာ။ သူတို့စာရင်းကောက်တာတွေ မပြီး သေးလို့ လို့ကြားတယ်” ပန်ဝါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးမှရေကြည့်ဝန်ထမ်း အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရေကြည့်ဝန်ထမ်းဆိုသည်မှာ မြေရှားသတ္တုတူးရရှိရေးအတွက် တောင်အောက်ခြေမှ တောင်ထိပ်ထိ ရေပိုက် လုံးများထည့်ထားရပြီး ယင်းရေများပြတ်တောက်ခြင်းရှိ၊ မရှိ ကို တောင်ပတ်လျှောက်ကာ စစ်ဆေး ရသူဖြစ်သည်။

“အခုပန်ဝါမှာ KIA နဲ့ PDF ပေါင်းပြီးတော့ သူတို့ဥပဒေရေးဆွဲပြီးမှ သူတို့စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ရမယ်ထင်တယ်။ မြေရှားသတ္တုဆိုက်တစ်ဆိုက်ရဲ့ ပိုင်ဆိုင်မှုတောင်ဘယ်နှစ်တောင်ပိုင်တယ်။ စာချုပ်ဘယ်လောက်လဲချုပ်ထားလဲ။ ဘယ်လောက်နဲ့ဝယ်ထားတယ်။ အလုပ်သမားလူဦးရေ ဘယ် လောက်ရှိလဲ။ သတ္တုထွက်နှုန်းဘယ်လောက်ရှိလဲ အဲဒါတွေစာရင်းလိုက်ကောက်နေတယ်” ဟု ရေကြည့် ဝန်ထမ်းအမျိုးသမီးက ဆိုသည်။

လက်ရှိတွင် KIA က မြေရှားသတ္တုတွင်းပိုင်ကုမ္ပဏီများ၏ လုပ်ကွက်ပိုင်ဆိုင်မှု၊ စာချုပ်သက်တမ်းနှင့် ဝန်ထမ်းအရေအတွက်စာရင်းများကောက်ယူနေပြီး စာရင်းကောက်ယူမှုပြီးမှ KIA ပိတ်ထားသည့် မြန်မာ -တရုတ်နယ်စပ်ဂိတ်များကို ယခုလအကုန်တွင်ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းမှ ဝန်ထမ်းများ၏ ပြောကြားချက်အရ သိရသည်။

“အခုက အရင်ပြည်သူ့စစ်ကို အခွန်ဆောင်စရာမလိုတော့ဘူးးလေ။ သူတို့တွေအကုန်ပြေး ကုန်ပြီ ဆိုတော့။ KIA နဲ့ PDFကိုပဲ အခွန်ဆောင်ရတော့မှာ။ အခွန်ကတော့များတယ်။ တရုတ်တွေ ပြောနေသံကြားတယ်။ KIA ကိုဆောင်ရမဲ့အခွန်က အရင်ပြည်သူ့စစ်ကို ဆောင်ရတဲ့အခွန်ထက် သုံးဆနဲ့ လေးဆလောက်များတယ်ပြောတယ်။ KIA က အခွန်ဆောင်နိုင်ရင်လုပ်၊ မဆောင်နိုင်ရင်သွား။ ဆိုက်တွေ ပိတ်မယ်လို့ပြောတယ်။ ညီမတို့ ကုမ္ပဏီဆိုက်ကိုတော့ သုံးခေါက်၊ လေးခေါက်လောက် လာသွားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

KIO/KIA က မြေရှားသတ္တုတူးဖော်ရေးကို စနစ်တကျလုပ်မည် ဖြစ်ပြီး အထူး‌ဒေသ (၁) တွင် သတ္တုထုတ်ယူနေပုံ အချက်အလက်များကိုစုဆောင်းနေကြောင်း၊ သတ္တုတူးဖော်ရေးနှင့် ပတ်သက်၍ မူဝါဒချမှတ်နိုင်ရန်အဖွဲ့ ဖွဲ့ပြီးဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဂွန်မော်က ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့က BBC Burmese နှင့်အင်တာဗျူးတွင် ဖြေကြားထားသည်။

KIA ၏ မြေရှားသတ္တုတူးဖော်ရေးတွင် နည်းပညာအခက်အခဲများရှိနေပြီး တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းပြီးဖြေရှင်းရန် အဖြေရှာနေကြောင်း၊ လက်ရှိရန်ပုံငွေလိုအပ်နေချိန်တွင်တူးနေ‌ရကြောင်း ၎င်းက ဆက်လက် ဖြေကြားထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ဂြိုဟ်တုဖြင့် မြေရှားသတ္တုတွင်းလုပ်ကွက်များကို ကြည့်ရာတွင် လုပ်ကွက်နေရာ ၃၀၀ နီးပါးတွင် သတ္တုပျော်ရည်စုဆောင်းသည့် ကန် ၂၇၀၀ ကျော်ရှိကာ စင်ကာပူ နိုင်ငံတစ်ခုစာရှိကြောင်း Global Witness က အစီရင်ခံစာထုတ်ပြန်ထားသည်။

မြေရှားသတ္တုကို လျှပ်စစ်ယာဉ်၊ လေရဟတ် ၊ လျှပ်စစ်ပစ္စည်း၊ ဖုန်း၊ နည်းပညာမြင့်လက်နက်များ၊ ကွန်ပျူတာ၊ ဓာတ်ပြားပစ္စည်းများနှင့် အီလက်ထရောနစ်အမျိုးမျိုးတွင်အသုံးပြုကြောင်း ယင်းအစီရင်ခံ စာတွင်ပါဝင်သည်။

ဓာတ်ပုံ – ‌ဧရာဝတီတိုင်းမ်
#မြေရှားသတ္တုတူးဖော်ရေး #KIA #ကချင် #Ayeyarwaddy_Times