ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ နိုဝင်ဘာ ၂၄ ရက်)

ကျွန်တော်တို့ မြန်မာတွေဟာ ကျိန်ဆဲလျှင်တောင် “သွေးအန်ပါစေ” ဆိုပြီး ကျိန်တတ်ကြတာကြောင့် သွေးအန်ခြင်းဟာ အကြောက်တရားနဲ့ပါ ဆက်စပ်နေတယ်လို့ ခံစားမိနိုင်ပါတယ်။

ချောင်းဆိုးသွေးပါလာခြင်း၊ နှာခေါင်းသွေးယိုခြင်းတွေနှင့် သွေးအန်ခြင်းကမတူပေမယ့် ခန္ဓာကိုယ်က သွေးထွက်ခြင်းကိုလူတွေစိုးရိမ်ကြပါတယ်။ နေမကောင်းတာကို ဆရာဝန်နှင့်မပြဘဲ ပေတေနေပေမယ့် သွေးအန်လာရင်တော့ ကြောက်စိတ်ကြောင့် အမြန်ဆုံးဆရာဝန်ပြဖို့ဆုံးဖြတ်တတ်ကြပါတယ်။

🟥သွေးအန်ခြင်း

သွေးအန်ခြင်းကိုဖြစ်စေရတဲ့ အဓိကအကြောင်းအရင်းတွေကတော့ အသည်းရောဂါ အစာအိမ်နှင့် အစာရေမြိုရောဂါတွေဖြစ်ကြပါတယ်။

🟥အသည်းရောဂါများ

အသည်း‌ရောဂါကြောင့် အစာရေမြိုမှ သွေးကြောများဖောင်းလာပြီး သွေကြောများပေါက်ရာမှ သွေးအန်ခြင်းဖြစ်စဉ်သည် မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး နှင့် အဆိုးရွားဆုံးသွေးအန်ခြင်း ဖြစ်ပါတယ်။

အရက်အလွန်အကျွံသောက်ခြင်းကြောင့် အသည်းကျွတ်ဆက်ထိခိုက်ပျက်စီးပြီး အသည်း ခြောက်သွား သူလူနာများတွင် အတွေ့ရများပါတယ်။ အသည်းရောင်အသားဝါဘီပိုးနဲ့ စီပိုးကြောင့်အသည်းထိခိုက်သူ များမှာလည်း အလားတူမျိုးတွေ့ရတတ်ပါတယ်။

အသည်းမကောင်းတော့သဖြင့် ဆက်စပ်နေတဲ့သွေးကြောများတွင် ဖိအားများလာခြင်းကြောင့် ‌ဗိုက်အ‌ရေပြားတွင်သွေးကြောများဖောင်းကြွခြင်း၊ လိပ်ခေါင်းကဲ့သို့စအိုအနီး သွေးကြောများ ဖောင်းခြင်း၊ အစာအိမ်နှင့် အစာရေမြိုသွေးကြောများဖောင်းခြင်း မှတစ်ဆင့် ရောဂါထပ်ဆိုးပါက သွေးအန်ခြင်း၊ ကတ္တရာစေး ဝမ်းမဲမဲသွားခြင်း၊ သွေးဝမ်းသွားခြင်းတွေ ကြုံလာရတတ်ပါတယ်။

သွေးထွက်ခြင်းကြောင့် အားအလွန်နည်းသွားပြီး အသက်ဆုံးရှုံးခြင်းဖြစ်ပေါ်လာနိုင်သောကြောင့် သမားတော်ဆရာဝန်များနှင့်ပြသကုသရပါမယ်။ သွေးလိုအပ်ပါကသွေးများသွင်းရပါမယ်။ သွေးထွက် နေသော အစာအိမ်သွေးကြောများမှ သွေးထွက်ခြင်းထိန်းချုပ်ရန် အစာအိမ်မှန်ပြောင်းကြည့်ပြီး လိုအပ်သော (သားရည်ကွင်းပစ်)သွေးကြောကြိုးချည်နှောင်သည့် ကုသမှုမျိုးဖြင့်အသက်ကယ်ရန်လို အပ်ပါတယ်။ အသည်းကျန်မာဖို့အတွက် ဆေးဝါးပုံမှန်ကုသရပါမယ်။

🟥အစာအိမ်ရောဂါ

အစာအိမ်သွေးကြောပေါက်တဲ့အခါ သွေးအန်တတ်ပါတယ်။ အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာနှင့် အစာအိမ်ကင်ဆာရောဂါတွေမှာ အစာအိမ်သွေးကြောထိခိုက်တဲ့အခါ အစာအိမ်မှသွေးထွက်ခြင်း ကြုံရတတ်ပါတယ်။

အစာအိမ်အနာပြင်းထန်တဲ့အခါ အစာအိမ်အတွင်းနံရံရှိ သွေးကြော‌တိုက်စားခံရပြီး အစာအိမ် သွေးယိုတတ်ပါတယ်။

အကိုက်အခဲပျောက်ဆေးလို ဆေးပြင်းတွေ သောက်မိတဲ့အခါမှာလည်း အစာ အိမ်သွေးယိုတတ်ပါတယ်။ ဒါကြောင့် အကိုက်ခဲပျောက်ဆေးများကိုမိမိသဘောဖြင့်ကိုယ်တိုင်သောက်ခြင်းကို ဆင်ခြင်သင့်ပါတယ်။

ပြင်းပြင်းထန်ထန် လေအန်လေတက်ခြင်းကြောင့် အစာရေမြိုအတွင်းအသားနုပြဲစုတ်ပြီး သွေအန်ခြင်းကို Mallory-Weiss syndrome လိုခေါ်ပြီး မြန်မာ နိုင်ငံမှာလည်း တွေ့ရတတ်ပါတယ်။

အစာအိမ်ကင်ဆာမှာတော့ ကင်ဆာဆဲလ်မှ သွေးယိုစိမ့်ပြီး သွေးအန်ခြင်းကို ရောဂါလက္ခဏာ အနေနဲ့ပြသတတ်ပါတယ်။

နာတာရှည်ပန်းကရိယ(မုန့်ချိုအိတ်)ရောင်ရောဂါခံစားနေရသူတွေမှာ ရောဂါအရှိန်ကြောင့် ပန်းကရိယ အနီးနားသွေးကြော များပေါက်ပြဲပြီး သွေးယိုစိမ့်ကာ သွေးအန်တက်ပါတယ်။

🟥မေ့မထားရမယ့်သွေးအန်ခြင်းအကြောင်းရင်း

မည်သည့်ရည်ရွယ်ချက်ရှိသည်ဖြစ်ဖြစ် စိုက်ပျိုးရေးသုံးပိုးသတ်ဆေးနှင့်ပေါင်းသတ်ဆေး သောက်မိ သူတွေ၊ အိမ်သာဆေးရည်၊ ကြွေ(ဂျီး)ချွတ်ဆေးရည် သောက်မိသူတွေ ၊ အဆိပ်‌တွေ၊ အက်စစ်တွေ သောက်ပြီး အဆုံးစီရင်ကြသူတွေမှာ အစာလမ်းကြောင်း တိုက်စား အဆိပ်မိ ထိခိုက်ပြီး သွေးယို သွေးအန်တတ်ပါတယ်။

အကယ်၍များအဆိပ်မိသူတစ်ယောက်တွေ့ပါက ဆေးရုံသို့အမြန်ဆုံးခေါ်ဆောင်ပြီးအ‌ချိန်မီ ကယ်တင် နိုင်ဖို့ အရေးကြီးပါတယ်။ အဆိပ်နှင့်ထိတွေချိန်ကြာလေလေ အသက်ဆုံးရှုံးဖို့ အခွင့်အလမ်းများ လေ‌ဖြစ်ပါတယ်။

အဆိပ်ကြောင့် ထိခိုက်တဲ့ အသက်ငွေ့ငွေ့ကို ကုသရခက်ခဲပါတယ်။ ရှင်သန်ခဲ့လျှင်လည်း အစာ လမ်းကြောင်းအမာရွတ်တွေကျန်ခဲ့တတ်ပြီး မြိုချရခက်ခဲတာတွေကြုံတွေ့ရတတ်ပါတယ်။

ပါးစောင်ကင်ဆာ ၊ လျှာကင်ဆာ၊ အစာရေမြိုကင်ဆာစတဲ့ ရောဂါတွေမှာ ကင်ဆာအဖုအလုံး တွေဟာလည်း ပဲ့ထွက်ပြီး သွေးအများကြီးယိုစိမ့်ကာ သွေးထွက်လွန်ခြင်းဖြင့်အသက်ဆုံးရှုံး ရတတ်ပါတယ်။

🟥သွေးအန်လူနာကိုကုသခြင်း

သွေးအန်လူနာများကို ဆေးရုံမှာ အရေးပေါ်ဆေးပညာရပ်ရဲ့ ကုထုံးကုနည်းအတိုင်း ကယ်တင်ရပါတယ်။ သွေးအန်လူနာကိုအခြေအနေတည်ငြိမ်စေဖို့နှင့် ချက်ချင်းအသက်ဆုံးရှုံးမှုကိုကာကွယ်ဖို့ အရေးကြီး ကုသမှုတွေကို ABC နည်းလမ်းဖြင့်ကုသရပါတယ်။

A-Airway အသက်ရှုလမ်းကြောင်း ပွင့်နေရပါမယ်။ အန်ထွက်လာသည့် သွေးနဲ့သွေးခဲများ မပိတ်ဆို့ အောင်ဂရုစိုက်ရပါမယ်။ပိတ်ဆို့နေပါက ဖယ်ရှားပေးပြီး ကုသရပါမယ်။

B -Breathing သွေးအန်လူနာ အသက်ရှုနိုင်ဖို့ ဂရုစိုက်ကုသရပါမယ်။

C-Circulation သွေးလည်ပတ်နိုင်ဖို့ နှလုံးခုန်ဖို့ကုသရပါမယ်။သွေးကြောအတွင်းအပ်သွင်းကာ ဆေးရည် သွင်းကုသထားရပါမယ်။ လိုအပ်ပါကသွေးသွင်းနိုင်အောင်အဆင်သင့်ပြင်ဆင်ထားရပါမယ်။

သွေးယိုစိမ်ခြင်းအတွက်သွေးသွင်းခြင်းကသာအကောင်းဆုံးနည်းလည်းဖြစ်ပါတယ်။ သွေးပေါင်ချိန် နှလုံးခုန်နှုန်း အောက်ဆီဂျင်နှုန်းတွေကို တိုင်းတာပြီး လူနာကို ကြပ်မတ်ကုသပေးနေရပါမယ်။ လူနာအခြေနေတည်ငြိမ်လာပါက လိုအပ်သည်များကိုစမ်းသက်စစ်ဆေးပြီးတိကျတဲ့ကုသမှုပေးနိုင်တဲ့ သက်ဆိုင်ရာ ဆေးကုသဆောင်တွေကို ပို့သပေးရပါတယ်။ သွေးထွက်ရာနေရာကိုရှာဖွေပြီး ကုသမှုပေး ပြီးအသက်ကယ်ရမှာဖြစ်ပါတယ်။

ပရိသတ်တွေအားလုံးလည်းနားလည် လောက်ပြီယူဆပါတယ်။ ကျန်းမာရေးအသိရှိလာတဲ့အခါ သွေးအန် လူနာတွေ့ကြုံပါက မှန်ကန်‌သောကုသမှုနည်းလမ်းတွေကိုမျှဝေပေးနိုင်ကြမှာပဲဖြစ်ပါတယ်။

နောက်တစ်ပတ်မှာတော့ “မျက်ခုံးတတ်တူးထိုးခြင်း”အကြောင်းကို ဖော်ပြပေးသွားပါမယ်။ ဧရာဝတီတိုင်းမ် သတင်းမီဒီယာကို စောင့်ကြည့်အားပေးနေတဲ့ ပရိသတ်များအားလုံးကိုကျေးဇူး တင်ပါတယ်

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #သွေးအန်ခြင်း #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)