
ဧရာဝတီတိုင်းမ်
(ဖာပွန်)၊ နိုဝင်ဘာ ၂၃ ရက်
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ မထော စစ်ကောင်စီစခန်းကို ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်၊ နံနက် ၈ နာရီဝန်းကျင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
မထော စစ်ကောင်စီစခန်းမှာ ဖာပွန်မြို့မှ ဆယ်မိုင်ဝန်းကျင်သာဝေးကွာပြီး အဆိုပါစခန်းတွင် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) လက်အောက်ခံ ခမရ-၄၀၇၊ ခမရ-၄၀၈၊ ခမရ-၄၀၄ တပ်ရင်း တို့မှ တပ်ဖွဲ့များ တပ်စွဲထားခြင်း ဖြစ်ကြောင်း သိရသည်။
“စကခ-၈ အခြေစိုက်က တနင်္သာရီပါ။ လက်ရှိတာဝန်ကျနေတာက ဖာပွန်ပါ။ ဧည်သည်တပ်တွေပေါ့။ ဖာပွန်မှာ သူတို့တာဝန်ကျနေတဲ့တပ်ကိုသိမ်းပိုက်လိုက်တာပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြားရရှိခဲ့ပြီး လက်နက်စားရင်းအတိအကျနှင့် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကို အသေးစိတ်ထပ်မံ ထုတ်ပြန်မည်ဖြစ်ကြောင်းလည်း KNU တပ်မဟာ-၅ က ဆိုထားသည်။
လက်ရှိတွင် တပ်မဟာ-၅ ဖာပွန်ဒေသအတွင်း စစ်ကောင်စီ၏ တပ်စခန်းအနည်းသာကျန်ရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့ကလည်း စစ်ကောင်စီ၏ နှစ်ပေါင်း ၇၀ ဝန်းကျင်ရှိ ကူးဆိပ်စခန်းကို စခန်းသိမ်းပိုက်ရရှိခဲ့ပြီး တပ်ဖွဲ့ဝင် ရှစ် ဦးသေဆုံးခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – KNU-Mutraw News
#ဖာပွန် #စစ်ကောင်စီ #မထောစခန်း #စခန်းသိမ်းပိုက် #KNLA #PDF #Ayeyarwaddy_Times