
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲမှာ ပြင်းထန်လာပြီး စစ်ကောင်စီတပ်ဆုတ်သွားသည့် ကျေးရွာအများစုကို AAက ထိန်းချုပ်ထားကြောင်း သိရသည်။
ဂွမြို့နယ် မြောက်ပိုင်း ချင်းကုန်းကျေးရွာနတွင် ယနေ့ နိုဝင်ဘာ ၁၉ရက် နံနက်ပိုင်းအထိ တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေပြီး စစ်ကောင်စီသည် ယမန်နေ့ နိုဝင်ဘာ ၁၈ရက်နေ့မှစ၍ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
“တိုက်ပွဲဖြစ်တာ သုံး၊လေးရက်ရှိပြီ။ စစ်တပ်လက်နက်ကြီးစခန်းပါရွှေ့လာကတည်းက ဖြစ်နေတာ။ လေယာဉ်နဲ့လည်း လာကြဲတယ်” ဟု ဂွဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်စွဲပြီးနောက် AA ထိုးစစ်ကြောင့် တပ်ဆုတ်ခဲ့သည့် ဂျိုင်ကောက်၊ ဆားချက်ကြီး၊ ဆားချက်လေး၊ ရွှေဥကွင်း ကျေးရွာများကို AAက ထိန်းချုပ်ထားပြီး ဂွမြို့နှင့် ၁၀မိုင်ခန့်သာ ကွာတော့သည့် ရွှေတွင်းတူးနှင့် ချင်းကုန်းကျေးရွာများအထိ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက ဂွမြို့ပေါ်တပ်ရင်းများမှနေ၍ စစ်ကူပို့နေရကြောင်း သိရသည်။
ဂွမြို့အတွင်းရှိ စစ်ကောင်စီ၏ ခမရ ၅၆၃ တပ်ရင်းမှ တိုက်ပွဲဝန်းကျင်ကို လက်နက်ကြီးများ ဖြင့်ပစ်ကူပေးနေပြီး ဧရာဝတီ တိုင်းနှင့် မကွေးတိုင်းရှိ လေတပ်တို့မှ လေကြောင်းပစ်ကူများ ပေးလျက်ရှိသည်။
တိုက်ပွဲပြင်းထန်လာသည့်အတွက် ဂွမြို့အနီးရှိ ရဟိုင်ဖျား၊ မြွေတွေ့၊ ကွင်းလျှားရှည်၊ ကျောင်းကုန်း စသည့်ကျေးရွာများမှ ဒေသခံများကို စစ်ကောင်စီက ပြောင်းရွှေ့ခိုင်းထားကြောင်း သိရသည်။
AAသည် ဂွမြို့နယ် ကျိန္တလီမြို့ကိုပြီးခဲ့သည့် ဩဂုတ်လအစောပိုင်းကတည်းက သိမ်းယူထားပြီး ဂွမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ဦးတည်တိုက်ခိုက်လာခြင်း ဖြစ်သည်။
ဂွမြို့နယ်အတွင်းရှိ ကုလားပြင်၊ ကိုင်းခုံ၊ ကြွေချိုင်၊ မော်ရွှေဂျိုင်၊ ဂျိုင်ကောက်၊ ပိန္နဲကုန်း၊ ကမ်းသာယာနှင့် ဆပ်သွားတို့မှ ဒေ သခံများကို စစ်ပွဲလွတ်ရာပြောင်းရွှေ့ရန် ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်နေ့ နောက်ပိုင်းကတည်းက အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းထားကြောင်း သိရသည်။
#ဂွ #စစ်ကောင်စီတပ်ဆုတ် #AA #ကျေးရွာများထိန်းချုပ် #Ayeyarwaddy_Times