ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပြည်သူ့စစ်မှု မထမ်းဆောင်လိုသည့် နေအိမ်များကို ကျပ်ငွေ လေးသိန်းထက်မနည်း ငွေများတောင်းယူနေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် စစ်ကောင်စီတပ်နှင့် ပူပေါင်းပြီး အိမ်မဲမြို့ ရပ်ကွက်များရှိ ပြည်သူ့ စစ်မှုထမ်းရန် အကြုံးဝင်သည့် အသက် ၁၈နှစ်မှ ၃၅နှစ် အတွင်းရှိ လူငယ်များ၏ နေအိမ်များမှ ငွေများတောင်းယူခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“စစ်မှုထမ်းအတွက် အကြောင်းအမျိုးမျိုးပြပီး အုပ်ချုပ်ရေးမှူးအဖွဲ့တွေကစစ်တပ်နဲ့ပေါင်းပြီး ပိုက်ဆံ တွေကိုအတင်းမရမကတောင်း နေတာပါရှင်။ ရပ်ကွက်တိုင်းတောင်းနေပေမယ့် ကျန်တဲ့ရပ်ကွက် တွေထက် စာချွန်ခံရပ်ကွက်က ပိုဆိုးတယ်”ဟု အိမ်မဲမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အိမ်မဲမြို့တွင် ရပ်ကွက် ငါး ခုရှိပြီး အဆိုပါရပ်ကွက်များမှာ ချောင်းဝပိုင်းရပ်ကွက်၊ အထက်ပိုင်းရပ်ကွက်၊ အိမ်မဲကြီးပိုင်းရပ်ကွက်၊ လယ်ပေါ်ပိုင်းရပ်ကွက်နှင့် စာချွန်ခံရပ်ကွက်တို့ဖြစ်ကြသည်။

စာချွန်ခံရပ်ကွက်အတွင်း ပြည်သူစစ်မှုထမ်းအတွက်ဟုဆိုကာ ငွေကြေးတောင်းရမ်းသူများမှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်နှင့် ဦးသန်းဦး၊ ဦးသန်းနိုင်တို့ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အလားတူ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ သံပုရာအင်းရပ်ကွက်တွင်လည်း စစ်မှုထမ်းဥပဒေ အကြောင်း ပြကာ အသက်ပြည့်လူငယ်များ၏ နေအိမ်များမှ ကျပ်ငွေ တစ်သိန်းငါးသောင်း ကောက်ယူနေပြီး အသက်မပြည့်သည့်နေအိမ်များနှင့် အမျိုးသားများမရှိသည့်နေအိမ်များတွင် ကျပ်သုံးသောင်းစီ ကောက်ယူနေကြောင်း ဒေသခံများက ဆိုသည်။

ပုံစာ-အမှတ်စဥ် (၆) ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ

#အိမ်မဲ #စစ်ကောင်စီခန့် #ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ #စစ်မှုမထမ်းဆောင်ချင် #နေအိမ်များ #ကျပ်ငွေ၄သိန်းထက်မနည်း #တောင်းယူ #Ayeyarwaddy_Times