
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်
ယခုရက်ပိုင်းအတွင်း အမေရိကန်ဒေါ်လာလဲလှယ်ဈေးနှုန်းနှင့် ပြည်တွင်းရွှေဈေးမြင့်တက်ခြင်း မရှိသော်လည်း စစ်ကောင်စီက ဈေးနှုန်းထိန်းချုပ်ထားသည့် စားအုန်းဆီဈေးတက်လာကြောင်း သိရသည်။
လက်ရှိတွင်အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄၄၅၀ နှင့် ပြည်တွင်းအကယ်ဒမီအခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ၅၉ သိန်းပတ်ဝန်းကျင်ရှိကာ ဈေးနှုန်းများကျဆင်းလာသော်လည်း စားအုန်းဆီ အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှင့် အထွေထွေကုန်ဈေးနှုန်းများ ဈေးမြင့် တက်လျက်ရှိသည်။
စစ်ကောင်စီသတ်မှတ်သည့်စားအုန်းဆီရည်ညွှန်းဈေးသည် ယခုတစ်ပတ် နိုဝင်ဘာ ၁၈ ရက်မှ ၂၅ ရက်အတွင်း စားအုန်းဆီတစ်ပိဿာအခြေခံလက်ကားရည်ညွှန်းဈေး ကျပ် ၇၀၁၅ ကျပ်ဖြစ်ကာ တစ်ပတ်အတွင်း ကျပ် ၃၈၀ ကျပ်ဈေးမြင့်တက်လာကြောင်းသိရသည်။
ပြီးခဲ့သည့်တစ်ပတ် နိုဝင်ဘာ ၁၁ မှ ၁၇ ရက်အတွင်း စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာ ကျပ် ၆၆၃၅ ကျပ်၊ နိုဝင်ဘာ ၄ မှ ၁၀ ရက်အတွင်း စားအုန်းဆီတစ်ပိဿာ ကျပ် ၆၅၉၅ ကျပ်ဖြစ်ကြောင်းသိရသည်။
NON – CDM ဝန်ထမ်းများအပါအဝင် စစ်ကောင်စီလက်အောက်ခံ ရုံးဌာနများရှိ နေ့စားဝန်ထမ်းများကို စားအုန်းဆီဝယ်ယူခွင့်လျှောက်ထားကြပြီး တစ်လလျှင် တစ်ပိဿာမှ နှစ်ပိဿာကြားဝယ်ယူခွင့် ရှိကြောင်း Non CDM ဝန်ထမ်းများထံက သိရသည်။
“ဝန်ထမ်းတွေကို ပေးတာလေးလလောက်ရှိပြီ။ ဝယ်ချင်ရင်လျှောက်လွှာနဲ့လျှောက်ရတယ်။ အကုန် လုံးတော့ ဆီယူကြပါတယ်။ စားအုန်းဆီမသုံးတဲ့သူတွေက အပြင်ကိုပြန်ရောင်းတာရှိတယ်။ ဝန်ထမ်းအချင်းချင်း ပြန်ရောင်းလိုက်တာတာရှိတယ် ” ဟု Non CDM ဝန်ထမ်း အမျိုးသမီးတစ်ဦး က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ပြင်ပစားအုန်းဆီပေါက်ဈေးတွင် တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ ကျပ်မှ ၁၆၀၀၀ ကြားရှိကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။
ထို့ပြင်ရန်ကုန်မြို့အတွင်းမြို့နယ် ၄၄ မြို့နယ်မှ အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီနှစ်ပိဿာကို အိမ်အရောက်ပို့စနစ်ဖြင့်ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားကာ ရပ်ကွက်များတွင်လည်း စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် တစ်အိမ်ထောင်လျှင် ကျပ် ၅၀ သားဝယ်ယူနိုင်ပြီး စားအုန်းဆီသတ်မှတ်ဈေးအတိုင်းရောင်းချသည့်ဆိုင်များတွင်လည်း ဝယ်ယူခွင့် ကတ်ဖြင့်ဝယ်ယူနိုင်ကြောင်းသိရသည်။
ဓာတ်ပုံ – MOI
#စစ်ကောင်စီထိန်းချုပ် #စားအုန်းဆီဈေးတက် #Ayeyarwaddy_Times