ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်

တောင်တရုတ်ပင်လယ်ပြင်သို့ရောက်ရှိနေသာ တိုင်ဖွန်းမုန်တိုင်း မန်ရီ အရှိန်ကြောင့် မြန်မာနိုင်ငံတွင် ၂ ရက်ဆက်တိုက်မိုးရွာမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)က ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

လာမည့် ၂ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်းအပါအဝင် ရှမ်းပြည်နယ်၊ ကရင်နီ ( ကယား)ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်မည်ဖြစ်ကြောင်းသိရသည်။

လက်ရှိမိုးစပါးရိတ်သိမ်းချိန်တွင် လေပွေလှိုင်းများအာရှတိုက်ကုန်းမြေဘက်သို့ ဝင်ရောက်မှုများပြား နိုင်သဖြင့် အဖျက်မိုးအဖြစ်ကြုံတွေ့ရနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားခြင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က အသိပေး ထားသည်။

ယခုနှစ်မုတ်သုံရာသီပြီးဆုံးချိန်ကာလတွင် မနှစ်ကထက် တောင်တရုတ် ပင်လယ်ပြင်နှင့် ပစ္စိဖိတ် သမုဒ္ဒရာအနောက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းနှင့်ဆက်စပ်သော လေပွေလှိုင်းများ ဝင်ရောက်မှု များပြီး အဆိုပါ အရှေ့လေပွေလှိုင်းနှင့် မုန်တိုင်းငယ် သက်ရောက်မည့်အခြေအနေများကို နိုဝင်ဘာ၊ ဒီဇင်ဘာလအထိသတိပြုရန်လိုကြောင်း NUG ၏ MOHADM က ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – မိုး/ဇလ

#တိုင်ဖွန်မုန်တိုင်း #မန်ရီ #တောင်တရုတ်ပင်လယ် #MOHADM #မိုးဇလ #Ayeyarwaddy_Times