ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်

ဧရာ၀တီတိုင်းနှင့် ရခိုင်ပြည်ထိစပ်နေသော ကမ်းခြေရွာများတွင် နို၀င်ဘာလအတွင်း စစ်ကောင်စီတပ်မှ စားသောက်ကုန်၊ စက်သုံးဆီ သယ်ယူခွင့်ကန့်သတ်မှုများ ပိုမိုပြုလုပ်လာကြောင်း သိရှိရသည်။

ရွှေသောင်ယံ၊ မကျီးစင်၊ ဘောမိကမ်းခြေကျေးရွာအုပ်စုများနှင့် သာပေါင်းမြို့နယ်အတွင်ကမ်းခြေများတွင် စစ်ကောင်စီတပ်များ အင်အားတိုးချထားကာ တင်းကြပ်စွာစစ်ဆေးနေကြောင်း ဒေသခံများကပြောသည်။

“လယ်အတွက် ဒီဇယ်လေးဂါလံနှစ်ပုံး မြို့က၀ယ်လာတာတောင် ဂိတ်တွေကပေးမဖြတ်ဘူး။ အုပ်ချုပ်ရေးမှုးထောက်ခံစာကို ရွာမှာပြန်ယူပြရတယ်။ CPကြက်တွေဘာတွေ ငါးကောင် အထက်ဆိုလဲ သယ်ခွင့်မပြုတော့ဘူးစစ်ဆေးရေးဂိတ်ကို ကြိုပြီးငွေနဲ့ညှိနေရတယ် “ဟု သာပေါင်းမြို့နယ် ကမ်းခြေဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ရွှေသောင်ယံမြို့ ကမ်းခြေဒေသရှိကျေးရွာများတွင် ဆန်အိတ်၀ယ်ယူရန်အတွက် အုပ်ချုပ်ရေးမှူးများထံတွင် ထောက်ခံစာပြုလုပ်ရပြီး ဆန်အိတ်သယ်ယူရာလမ်းရှိ စစ်ဆေးရေးဂိတ်များကို အဆိုပါထောက်ခံစာပြကာ သယ်ယူရကြောင်း ဒေသခံများက ပြောသည်။

“၂၄ပြည်တစ်အိတ်ကို ထောက်ခံစာဖိုးက တစ်သောင်းပေးရပါတယ်။ ဒါတောင် လမ်းမှာဂိတ်ကရစ်လို့ စားသောက်ကုန်တွေ အသိမ်းခံရတာအများကြီးရှိနေတယ်။ သက်သက်ဒုက္ခ ပေးနေတာ” ဟု ဘောမိကျေးရွာဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကို ပြောသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ တပ်စခန်းတစ်ချို့က်ို ရခိုင့်တပ်တော် AA မှ သိမ်းယူနိုင်ခဲ့ပြီးနောက်ပိုင်း ဖေဖေါ်ဝါရီလ တတိယပတ်မှစတင်၍ ယနေ့ထိ ကုန်စည်ပို့ဆောင်ခွင့်ကို ပိတ်ထားခြင်းဖြစ်ပြီး သယ်ယူသည့် ကားများကိုလည်း ဖမ်းဆီးနေကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရခိုင်သို့ စားသောက်ကုန်များနှင့် စက်သုံးဆီများကို ဧရာ၀တီတိုင်းမှတစ်ဆင့်စီးပွားရေးသမားများနှင့် အကျိုးတူပူးပေါင်းပြီး ပို့ဆောင်ခွင့်ပေးခဲ့သော အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီး ဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ ဗိုလ်မှူးကြီး မျိုးညွန့်ဦးအပါအဝင် အရာရှိ ၁၉ ဦးခန့်ကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ ဝင်ရောက်ဖမ်းဆီးမှု ဖြစ်ပွါးခဲ့သည်။

#ဧရာ၀တီ #ရခိုင်ပြည် #ကမ်းခြေဒေသများ #စစ်ကောင်စီ #စားသောက်ကုန် #သယ်ယူခွင့်ကန့်သတ် #Ayeyarwaddy_Times