ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၆ ရက်

ဧရာ၀တီတိုင်း၊ငပုတောမြို့နယ် ကန့်မလာကျေးရွာအုပ်စုရှိရွာများတွင် အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းအစားထိုးလူငှားရန်ဟုဆိုကာ နေအိမ်တိုင်းကို ငွေကောက်ခံနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဖိုးရွှေလှော်၊ဘုရားတောင်၊ ကန့်မလာ၊သာခွေးချောင်၊ဖိုးကြာအိုင် စသည့်ကျေးရွာများတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များအပြင် ၃၅ နှစ်မှ ၆၅နှစ်အတွင်း အမျိုးသားများရှိသည့် နေအိမ်များကို စစ်မှုထမ်းအတွက် လူငှားရန်ဟုဆိုကာ တစ်အိမ်ကို ကျပ်တစ်သောင်းနှုန်းကောက်ခံနေကြောင်း ဒေသခံများမှပြောသည်။

“ပထမ တစ်ခါလည်း လူငှါးဖို့ သိန်း ၆၀ ကျော် ကျမယ်ဆိုလို့ ရွာတွေကကောက်ပြီးသွားပြီ။ ခုက အုပ်ချုပ်ရေးမှူးက လစဥ်တိုင်းကောက် မယ်ပြောတယ်။ စစ်မှုထမ်းမလိုက်ခြင်ရင် အစားထိုးလူငှါးအတွက် ပေးရမယ်။ မပေးတဲ့လူ ဖမ်းပစ်မယ်လို့ခြိမ်းခြောက်ပြီးတောင်းနေတာ​”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါကျေးရွာများတွင် လယ်နှင့် တံငါလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်နေကြသူများပြီး ကုန်ဈေးနူန်းကြီးမြင့်မှုကြောင့်ယခုကဲ့သို့ စစ်မှုထမ်း ငှါးရမ်းရန် လစဥ်တိုင်း ကောက်ခံမှုကြောင့် အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ကို အသုံးပြုပြီး စိတ်ထင်သလိုငွေတောင်းခံခြင်း၊ မဲပေါက်သည်ဟုဆိုကာ သင်တန်းသို့စေလွှတ်ခြင်းများ လုပ်ဆောင်နေကြသည်။

#ငပုတောမြို့နယ် #စစ်မှုထမ်း#အစားထိုးငှါးရန် #နေအိမ်တိုင်းကိုငွေတောင်း #Ayeyarwaddy_Times