ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ရက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ ခမရ ၃၄၆နှင့် ခမရ ၅၄၄တို့ အာရက္ခတပ်တော် (AA) ၏ တိုက်ခိုက်မှုကို ခံနေရပြီး စစ်စခန်းအချို့မှ စစ်ကောင်စီတပ်များ မြို့တွင်းထိ ဆုတ်ခွာလာရကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၉ရက်နေ့က ကိုင်းရှည်တံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် အာလိန်ငါးဆင့်ကျောင်းတိုက်အနီး တပ်စွဲထားသည့်တပ်များ ထိခိုက်သေဆုံးမှုများပြီး တောင်ကုတ်မြို့ အတွင်းထိ ဆုတ်ခွာသွားကြောင်း သိရသည်။

“ကိုင်းရှည်တံတားဂိတ်ကိုရရင် တောင်ကုတ်မြို့ထဲ ဝင်နိုင်သွားပြီ။ မြို့ပြင်တပ်တွေလည်း အကုန် သိမ်းထားတော့ အခုက ခမရ နှစ်ခုနဲ့ စကခ ၅ကျန်မယ်။ မြို့ထဲထိတော့ စစ်တပ်ကဆုတ်လာပြီ။ လက်နက်ကြီးကျည်တွေမြို့ထဲထိကျလို့ အိမ်တချို့ပျက်စီးသွားတယ်” ဟု တောင်ကုတ်မြို့ခံ အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နိုဝင်ဘာ ၇ရက်နေ့ ညပိုင်းအချိန်မှစတင်ပြီး ကိုင်းရှည်တံတားအနီး ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးပြီး အလောင်းများကို တေဘာကားများဖြင့် စကခ ၅ အတွင်း သယ်ယူသွားကြောင်း သိရသည်။

ထို့နောက် AA၏ ထိုးစစ်ကို မခုခံနိုင်တော့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကိုင်းရှည်တံတား စစ်ဆေးရေးဂိတ်နှင့် ဖုန်ညိုစစ်ဆေးရေး ဂိတ်တို့တွင် မိုင်းထောင်ပြီး မြို့အတွင်း ဆုတ်ခွာလာကြကြောင်း သိရသည်။

ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောင်ကုတ်မြို့တွင်းရှိ မြို့နယ် စည်ပင်သာယာရုံး၊ ကျောင်း၊ စိုက်ပျိုးရေးရုံးနှင့် လူနေအထပ်မြင့်တိုက်များတွင် ဝင်ရောက်တပ်စွဲနေရာယူထားကြောင်း သိရသည်။

“မြို့ထဲမှာ လူက သောင်းချီရှိနေတယ်။ နှစ်ဘက်လုံးက ပေးမထွက်တော့တာပါ။ မြို့ထဲ တိုက်ပွဲရောက်လာရင်တော့ တပ်တော်က ဘာစီစဉ်ပေးမယ် မသိဘူး။ အခုတော့ ဘယ်ဂိတ်ကမှ ပေးမထွက်တော့ဘူး။ အိမ်စောင့်ဆိုပြီး ကျန်ခဲ့တဲ့ မိသားစုတွေ အတော်များပါတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် တောင်ကုတ်မြို့ထဲ၌ ဒေသခံ ခြောက်သောင်း (၆၀၀၀၀) နီးပါးခန့် ပိတ်မိနေပြီး စစ်ကောင်စီက လူနေအိမ်များ၊ အထပ်မြင့်တိုက်များတွင် ဝင်ရောက်တပ်စွဲနေကြောင်း သိရသည်။

#တောင်ကုတ် #AA #မြို့တွင်း #ဝင်ရောက် #စစ်ကောင်စီ #တပ်ဆုတ် #Ayeyarwaddy_Times