ဧရာဝတီတိုင်းမ်
(မန္တလေး)၊ နိုဝင်ဘာ ၉ ရက်
စစ်ကောင်စီက ဖမ်းဆီးထားပြီး ရောဂါပြင်းထန်ချိန်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် NLD အစိုးရလက်ထက် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်မှာ ယမန်နေ့ နိုဝင်ဘာ ၈ ရက်နေ့၊ ည ၁၀ နာရီ အချိန်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးဦးဝင်းခိုင်၏ နာရေးကို ယနေ့ နိုဝင်ဘာ ၉ ရက်နေ့၊ နံနက် ၁၁ နာရီ တွင် မန္တလေးဆေးရုံကြီး၊ ရေခဲတိုက်မှ ကြာနီကန်သုသာန် သို့ ပို့ဆောင်သင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။
“လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် နိုဝင်ဘာလ ၈ ရက် ည ၁၀ နာရီမှာ ကွယ်လွန်သွားတယ်။ နာရေးကို ဒီနေ့ မနက် ၁၁ နာရီမှာ မန္တလေး ဆေးရုံကြီးရေခဲတိုက်ကနေ ကြာနီကန်သုဿာန်ကို ပို့ဆောင်င်္သဂြိုလ်မယ်” ဟု နာရေးကိစ္စသိရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီး ဦးဝင်းခိုင်မှာ အိုးဘိုအကျဉ်းထောင်၌ အကျဉ်းကျနေစဉ် ကျန်းမာ ရေးဆိုးရွားလာသည့်အတွက် မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ရောဂါပြင်းထန်ချိန် အထူးကြပ်မတ်ကုသဆောင်(ICU) တွင် ဆေးကုသမှုခံယူ နေစဉ် အောက်တိုဘာ ၂၈ ရက်နေ့၌ စစ်ကောင်စီက လွတ်ငြိမ်းခွင့် ပေးခဲ့ခြင်းဖြစ်သည်။
အသက် ၇၄ နှစ်အရွယ် လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဦးဝင်းခိုင်မှာ နှလုံးရောဂါခံစား နေရသူ တစ်ဦးဖြစ်ပြီး စစ်ကောင်စီက အဂတိလိုက်စားမှု ဥပဒေ ပုဒ်မ-၅၅၊ ၆၃ တို့ဖြင့် ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံထားရခြင်း ဖြစ်သည်။
ဝန်ကြီး ဦးဝင်းခိုင်ကဲ့သို့ပင် စစ်ကောင်စီသည် ကင်ဆာရောဂါခံစားနေရသည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကိုလည်း ကျန်းမာရေးဆိုးရွားချိန်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ပြီးနောက် ဝန်ကြီးချုပ်မှာ အောက်တိုဘာ ၇ ရက်နေ့တွင် ကွယ်လွန်ခဲ့ရသည်။
အလားတူ ထင်ရှားသည့် မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ဦးဖေမောင်စိမ်းမှာလည်း ရောဂါပြင်းထန်ချိန် ဩဂုတ် ၁၆ ရက်နေ့တွင် လွတ်မြောက်လာပြီးနောက် ဆေးရုံတက် ရောက်နေစဉ် ဩဂုတ် ၁၉ ရက်နေ့တွင်ကွယ်လွန်ခဲ့ရသည်။
စစ်ကောင်စီမှ နိုင်ငံရေးအကျဉ်းသားများကို ဆေးကုသခွင့် လုံလောက်စွာပေးအပ်ခြင်း မရှိသည့်အတွက် သေဆုံးခဲ့ရသည့် အကျဉ်းသားအရေအတွက်မှာ ပြီးခဲ့သည့် အောက်တိုဘာလကုန်အထိ ဆယ်လတာအတွင်း ၁၈ ဦးရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံေရးအကျဉ်းသားများကွန်ရက်ထံက သိရသည်။
ဓာတ်ပုံ – အင်တာနက်
#ဦးဝင်းခိုင် #NLDအစိုးရ #လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး #ကွယ်လွန် #မန္တလေး #Ayeyarwaddy_Times