နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်
မြန်မာ့ပြည်တွင်းရေး ပြဿနာများကို ဖြေရှင်းနိုင်ရန် အိန္ဒိယနိုင်ငံ၏ ချဉ်းကပ်မှုသည် ကောင်းမွန် သော်လည်း တန်းတူညီတူဖြစ်ရန် လိုအပ်ကြောင်း အိန္ဒိယ-မြန်မာအရေး လေ့လာစောင့်ကြည့်သူတို့က ဝေဖန်သုံးသပ် ထောက်ပြသည်။
အိန္ဒိယနိုင်ငံသည် မြန်မာ့အရေး ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာနှင့် အိမ်နီးနားချင်း နိုင်ငံများနည်းတူ ကြိုးပမ်းလာပြီး လက်ရှိတွင် နှစ်ဖက်တွေ့ဆုံရန် ပထမဆုံး ခြေလှမ်းအဖြစ် ချဉ်းကပ်မှုတစ်ခု လုပ်ဆောင်လာကြောင်း သိရသည်။
ထိုကဲ့သို့ အိန္ဒိယအနေဖြင့် နှစ်ဖက်တွေ့ဆုံရန် ဖိတ်ခေါ်မှုများသည် တစ်ဆင့်နိမ့် မဟုတ်ဘဲ သက်ဆိုင်သူ အားလုံး ပူးပေါင်းပါဝင်မှသာလျှင် မြန်မာ့အရေး အဖြေရှာ၍ရမည် ဖြစ်သောကြောင့် တန်းတူ အလေးပေးရန် လိုအပ်ကြောင်း India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ဆိုသည်။
“စစ်ကောင်စီနဲ့ ဆက်စပ်တဲ့သူတွေကို နိုင်ငံတော်အဆင့် ဖိတ်ကြားမှု ပုံစံမျိုးလုပ်ပြီး တော်လှန်ရေး အင်အားစုတွေကိုတော့ တရားဝင် မဟုတ်တဲ့ ဖိတ်ကြားမှုလိုလို ဘာလိုလို ဖိတ်ခေါ်ရင် ပြဿနာ ဖြေရှင်းတဲ့ အခါကျရင် ရလဒ်ကောင်းတော့ အကျိုးပေးမှာ မဟုတ်ဘူး” ဟု ဆလိုင်းဒိုခါရ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ အာဆီယံ၊ တရုတ်၊ ထိုင်း စသည့်နိုင်ငံများ၏ မြန်မာ့အရေး ကြိုးပမ်းမှုသည် မြန်မာပြည်သူ လူထုထက် စစ်ကောင်စီကို ပိုမိုအကျိုးအမြတ် ရရှိစေသလို ဖြစ်နေသဖြင့် အိန္ဒိယ၏ ချဉ်းကပ်မှုမှာ အသစ်ဖြစ်ရန် မျှော်လင့်မိကြောင်း လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
စစ်ကောင်စီနှင့် အာဏာသိမ်းပြီးနောက် ပိုမိုထိတွေ့ ဆက်ဆံလာသည့် အိန္ဒိယနိုင်ငံက နယူးဒေလီမြို့တွင် ယခုလ နိုဝင်ဘာ ၅ ရက်မှ ၆ ရက်အထိ နှစ်ရက်တာ ကျင်းပခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ရန် နှစ်ဖက်ဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်အနေနဲ့ ကောင်းမွန်တဲ့ အရွေ့တစ်ခုလို့ မြင်ပါတယ်။ ဒါပေမယ့် အဖြေရှာတဲ့အခါ ဘယ်အစုအဖွဲ့ကမှ အကျိုးအမြတ် ရရှိသွားတဲ့ဟာမျိုး မဟုတ်ဘဲနဲ့ မြန်မာပြည်သူတွေသာ အကျိုး အမြတ် ရရှိတာမျိုး ဖြစ်ဖို့လိုလိမ့်မယ်” ဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။
အဆိုပါ ဆွေးနွေးပွဲကို အိန္ဒိယ၏ ကမ္ဘာ့ရေးရာကောင်စီ (ICWS) က ဦးဆောင်ကျင်းပ၍ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့ (NSPNC) ၊ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် နိုင်ငံရေးပါတီ ၁၁ ပါတီ စသည်တို့ကို ဖိတ်ကြားကာ တက်ရောက်ဆွေးနွေးနေကြောင်း သိရသည်။
လတ်တလောတွင် သတင်းထုတ်ပြန်ခြင်း မရှိသေးသဖြင့် အိန္ဒိယ၏ နိုင်ငံရေး၊ ဖွဲ့စည်းပုံနှင့် ဥပဒေအကြောင်းများ၊ မြန်မာ နိုင်ငံရေးအပါ် ၎င်းတို့အမြင် သဘောထားများ ဆွေးဆွေးနိုင်ဟု အိန္ဒိယ-မြန်မာအရေး လေ့လာစောင့်ကြည့်သူလည်းဖြစ်၊ ပြည်သူ့ရေးရာ မူဝါဒသုတေသီ ကို R. Lakher က ဆိုသည်။
ထို့အပြင် အိန္ဒိယအနေဖြင့် တစ်ဖက်တွင်လည်း တော်လှန်ရေး အင်အားစုများဖြစ်သည့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ အာရက္ခတပ်တော် (AA)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့ကို တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားထားကြောင်း သိရသည်။
“တော်လှန်ရေး အင်အားစုတွေနဲ့ အားလုံးပေါင်းပြီး တွေ့မယ့်ကိစ္စက သတ်မှတ်ထားတဲ့နေ့မှာ မဟုတ်တော့ဘူး။ Media ပေါ်မှာ ပျံ့လာတော့ စကစ(စစ်ကောင်စီ)က India ကို ဖိအားပေးလိုက်တာနဲ့ တူပါတယ်” ဟု ပြည်သူ့ရေးရာ မူဝါဒသုတေသီ ကို R. Lakher က ဆိုသည်။
ထို့ကြောင့် တော်လှန်ရေး အင်အားစုများနှင့် တွေ့မတွေ့၊ တွေ့ဆုံလျှင် မည်သည့်အချိန်၊ မည်သို့ပုံစံ ဖြစ်မည်ဆိုခြင်းကို အိန္ဒိယဘက်က မကြာမီ ပြန်အကြောင်းကြားမည်ဟု ကို R. Lakher ၏ ပြောပြချက်အရ သိရသော်လည်း ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။
ဓာတ်ပုံ – စစ်ကောင်စီ
ပုံစာ – အိန္ဒိယ၏ ဖိတ်ကြားချက်အရ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့ (NSPNC) အပါအဝင် စသည်တို့ နိုဝင်ဘာ ၄ ရက်က သွားရောက်မှု။
#မြန်မာ့အရေး #အိန္ဒိယချဉ်းကပ် #ကောင်းမွန် #တန်းတူဖြစ်ရန်လို #Ayeyarwaddy_Times