နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲသည် ခုခံတော် လှန်ရေးကြောင့် လက်ရှိတွင် မသေချာသေးသော်လည်း ၎င်းတို့အနေဖြင့် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့ကို အချိုးကျ ကိုယ်စားပြုစနစ် (PR) ကျင့်သုံးမည်ဖြစ်ကြောင်း ပါတီအချို့ထံက သိရသည်။

မဲစာရင်း အကြောင်းပြ၍ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန်အတွက် ပုံမှန်အတိုင်းကျင်းပလေ့ရှိသည်​့ လာမည့် ၂၀၂၅ နိုဝင်ဘာတွင် လျာထားကာ အမျိုးသားလွှတ်တော်မှလွဲ၍ ကျန်လွှတ်တော် နှစ်ရပ်အတွက် PR စနစ်ကို ကျင့်သုံးမည်ဟု ထပ်မံပြောဆိုလာကြောင်း သိရသည်။

“အခု ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်ကို PR လုပ်မယ်၊ အမျိုးသားလွှတ်တော်ကျတော့ နဂိုကတည်းက PR ဆန်တဲ့အတွက် နိုင်သူအကုန်ယူစနစ် (FPTP) ပဲ လုပ်မယ်လို့ ကြားသိရတယ်” ဟု ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးတင့်ဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သို့သော် စစ်ကောင်စီအနေဖြင့် တစ်နှစ်အချိန်သာ ကျန်ရှိတော့သည့် လက်ရှိကာလအထိ ရွေးကောက်ပွဲဆိုင်ရာ အချိန်ဇယား၊ သက်ဆိုင်ရာ ဥပဒေများ ထုတ်ပြန်နိုင်ခြင်း မရှိသေးသလို ဝင်ရောက်ယှဥ်ပြိုင်မည့် နိုင်ငံရေးပါတီများတွင်လည်း စိန်ခေါ်မှုရှိနေကြောင်း စစ်ကောင်စီရွေးကောက် ပွဲဝင်မည့် ပါတီအချို့ထံက သိရသည်။

“PR လုပ်မယ်ဆိုရင် ပါတီတွေက ပေါင်းရမှာတွေ၊ မဟာ မိတ် လုပ်ရတာတွေ ရှိတယ်။ ဒါတွေက ရွေးကောက်ပွဲ ဥပဒေမထွက်သေးတော့ ပါတီတွေအတွက် အခက်အခဲ ဖြစ်စေတယ်။ နောက်ပြီး စိန်ခေါ်မှုတွေက ရှိနေပြန်တယ်” ဟု ဒုဥက္ကဋ္ဌ ဦးတင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲဝင်မည့် ပါတီအချို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများမှာ ငွေကြေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေအနေများကြောင့် ပါတီရုံးခန်းများ ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်ချိတ်ဆွဲခြင်း၊ ပါတီအင်အား စုဆောင်းခြင်းနှင့် ကိုယ်စားလှယ်လောင်းကိစ္စ စသည်တို့ကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်မရကြောင်း ပါတီများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် စစ်ကောင်စီ ကျင်းပမည်ဆိုသော ရွေးကောက် ပွဲကို နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပ တော်လှန်ရေး အင် အားစုများက လက်မခံသလို ပြည်သူလူထုကလည်း အာ ဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စသည်တို့ကြောင့် စိတ်ဝင်စားမှု မရှိကြောင်း သိရသည်။

ထို့ကြောင့် စစ်ခေါင်းဆောင်က ၎င်းတို့၏ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် တရုတ်၊ ရုရှား၊ အိန္ဒိယ စသည့်နိုင်ငံများကို အပူတပြင်း အကူအညီ တောင်းခံလျက်ရှိသလို စစ်ရှုံးနေမှုများကြောင့် ရွေးကောက်ပွဲအား အပိုင်းလိုက်သာ ပြုလုပ်သွားမည်ဟု ပြောဆိုထုတ်ပြန်ထားသည်။

ယင်းအပြင် စစ်ကောင်စီသည် ၎င်းတို့နှင့် အဆင်မပြေသော မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများကိုလည်း ပြန်လည်ပယ်ဖျက်မှုများ ပြုလုပ်နေသဖြင့် လက်ရှိတွင် ယင်းတို့ အသိအမှတ်ပြု နိုင်ငံရေးပါတီ ၅၀ သာ ကျန်ရှိတော့ပြီး ထိုအနက်မှ ၉ ပါတီက တနိုင်ငံလုံးအဆင့် ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ပုံစာ- စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲကြိုတင်ပြင်ဆင်ရေးအတွက် သြဂုတ်လက နေပြည်တော်တွင် တွေ့ဆုံစဥ်

#စစ်ကောင်စီရွေးကောက်ပွဲ #သေချာခြင်းရှိမနေ #လွှတ်တော်၂ရပ်ကို #PRစနစ်ကျင့်သုံးမည်
#Ayeyarwaddy_Times