ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ခေါပုတ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဗိုလ်ကြီး သုံးဦး အပါအဝင် စစ်သုံ့ပန်း ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ် သားအလောင်း ၁၄ လောင်းလည်း ရရှိခဲ့ကြောင်း သိရသည်။

ခေါပုတ်စခန်းကို ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့က သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး စခန်း စွန့်ခွာထွက်ပြေးသွားသည့် လက်ကျန်စစ်ကောင်စီတပ်သား များကို လိုက်လံရှင်းလင်းရာ ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး တပ်ခွဲမှူးအဆင့်ဗိုလ်ကြီး သုံးဦးအပါအဝင် စစ်သုံ့ပန်း ၁၇ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး အလောင်း ၁၄ လောင်းကိုလည်း ရရှိခဲ့ကြောင်း ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (BPLA) က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲအတွင်း BPLA မှရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူအချို့လည်းရှိကြောင်း သိရသည်။

ဖာပွန်ခရိုင်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲတွင် 60 mm ၁၁ လက်၊ RPG 7 သုံးလက်၊ 81mm တစ်လက်၊ K3 ကိုးလက်၊ ‌မြေမြုပ်ဗုံး၊ တော်ပီတို ၁၉ ထုပ်၊ 16-14 နင်းမိုင်း ၂၆ လုံး၊ တိုက်ဗုံး ကိုးလုံး၊ ဆက်သွယ်ရေးစကား ပြောစက်ကြီး နှစ်လုံး၊ 60mm ကျည် ၁၃ တောင့်နှင့် RPG 7 ကျည်ဖူး ငါးတောင့် စသည်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိခဲ့သည့် တပ်စခန်းသည် မဟာဗျူဟာအရ အရေးပါသည့် စခန်းတစ်ခုဖြစ်ကာ အင်အား ၁၀၀ ကျော်ရှိပြီး ဒေသခံပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးငွေညှစ် ညှင်းပန်းလေ့ရှိကာ တပ်သား သစ်စုဆောင်းပေါ်တာဆွဲခြင်းများပါပြုလုပ်ကြောင်း သိရသည်။

ပုံစာ- ခေါပုတ်တပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသည့်စစ်သုံ့ပန်းများ

#ကရင် #ဖာပွန် #စစ်ကောင်စီ #ခေါပုတ်တပ်စခန်း #လက်ကျန်တပ်သား #ဖမ်းဆီး #BPLA #Ayeyarwaddy_Times