
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းကို စစ်ကောင်စီက ပတ်စပို့စ်စာအုပ်သိမ်းပြီး ပြည်ပထွက်ခွာခွင့် ပိတ်ပင်ကာ နေအိမ်သို့ပြန်လည်ပို့ ဆောင်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် မန္တလေးလေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏ ဘူမိလေဆိပ်သို့ လိုက်ပါမည့် ဦးအောင်ဆန်းဝင်းကို စစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေး ကောင်တာတွင် စစ်ဆေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ အမည်ပျက်စာရင်း (Black List) ရေးသွင်း၍ ပြည်ပ ထွက်ခွာမှု ပိတ်ပင်ရန် ညွှန်ကြားထားသူဖြစ်သဖြင့် ပြည်ပထွက်ခွာခွင့် ပိတ်ကာ အိမ်ပြန်ခိုင်းခဲ့ကြောင်း သိရသည်။
ဦးအောင်ဆန်းဝင်း၏ နိုင်ငံကူးလက်မှတ်ပတ်စပို့စ်ကို သိမ်းဆည်းခဲ့ပြီး ပြည်ပထွက်ခွာခွင့် အပိတ် ခံရခြင်းမှာ စစ်ကောင်စီက ညွှန်ကြားထားခြင်းဖြစ်ကြောင်း လေဆိပ်လုံခြုံရေးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင် ရွှေဈေးနှုန်းမတည် မငြိမ်လုပ်သည်ဟုဆိုကာ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းအပါအဝင် ရွှေဆိုင်ပိုင်ရှင်နှင့် ရွှေကုန်သည် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး ရွှေဈေးကွက်ရှိ ရွှေဆိုင်ပိုင်ရှင်များနှင့် ရွှေ ရောင်းဝယ်ရေးပြုလုပ်သည့် ရွှေကုန်သည် ၂၁ ဦးကို ဖမ်းဆီးအရေးယူခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း ကုန်ဈေးနှုန်းကြီးမြင့်လာပြီး စက်သုံးဆီ နှင့် အခြေခံစားသောက်ကုန်များ အဆမတန်ဈေးနှုန်း ကြီးမြင့်လာသည့်အပေါ် စစ်ကောင်စီက ဆန်ကုန်သည်၊ ဆီကုန်သည်နှင့် စက်သုံးဆီရောင်းဝယ်သည့် လုပ်ငန်းရှင်များကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ပြီးနောက် လုပ်ငန်းရှင်များနှင့် ကုန်သည်များကို ပြည်ပထွက်ခွာလိုပါက စစ်ကောင်စီထံ အကြောင်းကြားပြီး ခွင့်ပြုမိန့်ရမှသာ ထွက်ခွာခွင့်ရှိမည် ဖြစ်ကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးတွင် အမည်ပျက်စာရင်း Black List သွင်းခံထားရသူများကို နိုင်ငံကူးစာအုပ် သိမ်းယူသည်အထိ အရေးယူမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
ပုံစာ-မြစ်ငယ်မြို့ ၊ အနောက်သာယာကုန်းရွာတွင် ၆၁နှစ်ပြည့်မွေးနေ့အဖြစ် လှူဒါန်းနေသည့် အောင်သမာဓိ ဦးအောင်ဆန်းဝင်းကို တွေ့ရစဉ်
#မန္တလေး #လေဆိပ် #အောင်သမာဓိ #ရွှေဆိုင်ပိုင်ရှင် #ဦးအောင်ဆန်းဝင်း #BLackList #ပြည်ပ ထွက်ခွင့်ပိတ် #Ayeyarwaddy_Times