ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်က ယမန်နေ့ နိုဝင်ဘာလ ၁ရက်နှင့် ယနေ့ နိုဝင်ဘာလ ၂ရက်နေ့တွင် လေကြောင်းဖြင့် တပ်အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေကြောင်း ဒေသခံများထံက သိရှိရသည်။

ကလေးမြို့ရှိ လေယာဉ်ကွင်းတွင် ယမန်နေ့ညနေပိုင်းကလေကြောင်းဖြင့် လက်နက်ခဲယမ်းများချပေးပြီး ယနေ့မနက်ပိုင်းတွင် တပ်အင်အား ထပ်မံဖြည့်တင်းခြင်းဖြစ်သည်။

“မနေ့ညက လက်နက်ခဲယမ်းတွေ ချပေးပြီး စစ်သားတွေ ထရပ်ကားတွေနဲ့ သွားသယ်တာတွေ့ရတယ်။ ဒီနေ့မနက်မှာ လူအင်အားတွေ ထပ်ချပေးတယ်။ သင်တန်းဆင်းခါစ တပ်သားသစ်တွေထင်တယ်။ အကုန်လုံးက လူငယ်တွေချည်း” ဟု ကလေးမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ် ချပေးသည့် လက်နက်ခဲယမ်းများကို ထရပ်ကားများဖြင့် ကလေးမြို့ ဒကစဘက်သို့ သယ်ဆောင်သွားကြောင့် ၎င်းက ဆိုသည်။

ကလေးမြို့နယ်တွင် စစ်ကောင်စီက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် စစ်ရေးနှင့်ပတ်သက်၍ ယခုကဲ့သို့ လက်နက်အင်အားနှင့် တပ်အင်အားဖြည့်တင်းပြီး ကြိုတင်ပြင်ဆင်ခြင်းဖြစ်ကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက သုံးသပ်ထားသည်။

“ကလေးမှာ ပွင့်လင်းရာသီရောက်ပြီဆိုတော့ တိုက်ပွဲတွေ ပိုဖြစ်လာနိုင်တဲ့အတွက် စစ်ကောင်စီက စစ်ရေးနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်နေတဲ့သဘောပါ။ အဲ့ဒီအတွက် အခုကတည်းကနေ လူအင်အား၊ လက်နက်အင်အားစုဆောင်းထားတာဖြစ်တယ်” ဟု ကလေးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိကလေးမြို့တွင် တိုက်ပွဲမရှိသော်လည်း စစ်ကောင်စီက ညအချိန်တွင် အင်းအားအများပြားဖြင့် ကား၊ ဆိုင်ကယ်တို့နှင့် ကင်းလှည့်ပြီး လမ်းသွားလမ်းလာ အရပ်သားများကို စစ်ဆေးမှုများ ပြုလုပ်နေသည်။

#ကလေးမြို့ #စစ်ကောင်စီ #နှစ်ရက်ဆက်တိုက် #လက်နက်ခဲယမ်း #ဖြည့်တင်း #Ayeyarwaddy_Times