မြရာ၊နိုရာ/ဧရာ၀တီတိုင်းမ်
နိုဝင်ဘာ ၂ ရက်
“သင့်အား တပ်အင်အားမှထုတ်ပယ်လိုက်သည်”
ဘာအပြစ်တွေကျူးလွန်ခဲ့လို့ တပ်အင်အားကနေထုတ်ပယ်လိုက်ရတာလဲ ထင်မှာပဲ။ ရဲရင့်စွာ သေဆုံးသွားသူရဲ့ ခေါင်းရင်းနားမှာရပ်ပြီး သင့်အားတပ်အင်အားမှထုတ်ပယ်လိုက်သည်။ သင်သွားလိုရာ သွားနိုင်ပြီဆိုတဲ့ ပြန်တမ်းစာကို မတုန်မလှုပ် ဖတ်ပြနိုင်ဖို့အတွက် အတော်အားယူရတယ်လို့ ကိုနွေဦးက ပြောပါတယ်။
ရဲဘော်တွေဟာ တိုက်ပွဲတွေမှာ ရဲရင့်စွာ အသက်ပေးသွားရပြီး သူတို့ကွယ်လွန်ချိန် တပ်မိန့်နဲ့ တပ်ကနေထုတ်ပယ်လိုက်ရတယ်။ သွားလိုရာသွားပါလို့ နှင်တဲ့အခါ သူတို့ကဘယ်ကိုသွားကြမှာလဲ။ မိသားစုကိုစွန့်ခွာ အသက်ကိုစတေးပြီး ခေတ်ဝန်ကိုထမ်းခဲ့တဲ့ ဒီလိုလူငယ်လေးတွေကို ကွယ်လွန်ချိန် အမိန့်ပြန်တမ်းပေးရတာ ရင်ထဲထိခိုက်နာကျင်ရတယ်လို့လည်း ကိုနွေဦးကဆိုပါတယ်။
ကိုနွေဦးဟာ စစ်ကိုင်းနယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်ဖြစ်တာကြောင့် အမိန့်ပြန်တမ်းထုတ်ပြီး ကျဆုံးသွားတဲ့ လူစွမ်းကောင်းတွေနဲ့ ခွဲခွာရဖို့ ပြောရတာဟာ အခက်ခဲဆုံးပါပဲလို့ ဆိုပါတယ်။
” ကျည်ဆံရှားပါးပြီး လုံခြုံရေးအရမို့လို့ သင်္ဂြိုဟ်ရတဲ့ အခမ်းအနားမှာ သေနတ်ကျည်တွေလည်း မဖောက်ပေးခဲ့ကြရဘူး။ သေနတ်ပြောင်းဝကိုအောက်စိုက် ခေါင်းကို ငုံ့ငိုက်ချထားရင်း ရင်ဘက်တူ ရဲဘော်ရဲဘက်ကို နှုတ်ဆက်ရတဲ့ အခမ်းအနားဟာ တကယ်ကြေကွဲစရာပါ” လို့ ကိုနွေဦးက ပြောပါတယ်။
အသက်မဲ့နေတဲ့ ခန္ဓာတွေကို ရဲဘော်ရဲဘက်တွေက အပါပြန်ယူပြီး ဝေးလံတဲ့ ခရီးတစ်လျှောက် စခန်းချတဲ့နေရာအထိ သူတစ်လှည့် ကိုယ်တစ်လှည့် ထမ်းပိုးသယ်ယူခဲ့ပြီးမှ မကြားနိုင်ရှာတော့တဲ့ ကျဆုံးသူ ရဲဘော်ရဲ့ အလောင်းနားကပ် တပ်ကနေစွန့်ပယ်ပါတယ်လို့ ပြောရတဲ့ အဖြစ်တွေ မကြုံချင်တော့ပါဘူးလို့လည်း ကိုနွေဦးက ဆိုပါတယ်။
ကိုယ်နဲ့ ကြမ်းတစ်ပြေးတည်းအိပ်၊ ငှက်ပျောဖတ် ပေါ်ထမင်းပုံ အတူစားခဲ့တဲ့ ရဲဘော်ဟာ တဖျစ်ဖျစ်မြည် လောင်ကျွမ်းနေတဲ့ သစ်တုံးတွေကြားက ပူပြင်းလင်းထိန်တဲ့ မီးတောက်တွေထဲမှာ ရောပါလောင်ကျွမ်း နေတာကို မကြည့်ရက်လည်း မျက်လုံးမဖယ်နိုင်ခဲ့ပါဘူးလို့ ထိခိုက်ခံစားရတာတွေကို ကိုနွေဦးက ပြန်လည်ပြောပြပါတယ်။
ကျဆုံးသွားတဲ့ ကိုယ့်ရဲဘော်ကို အမိန့်ပြန်တမ်းပေးရဖို့ ခက်ခဲသလို မိသားစုဝင်တွေကို သေဆုံးကြောင်း ပြောရတာဟာ တကယ် နာကျင်ရတယ်လို့ ကိုနွေဦးက ဆိုပါတယ်။
“တချို့ဆို အလောင်းလေးပြန်ရနိုင်မလားလို့မေးတယ်။ တချို့က နောက်ဆုံးလာတွေ့ပါရစေတဲ့။ ကျွန်တော် နှစ်ခုလုံးကို ငြင်းခဲ့ရတယ်”
သေဆုံးသူအပေါ်ဘာတာဝန်ခံမှုမှ လုပ်မပေးနိုင်တာနဲ့ တစ်ခါတစ်ရံမှာ အလောင်းတောင်ကောက်ယူလာဖို့ မဖြစ်တဲ့အခါ ကိုနွေဦးတို့ စခန်းတစ်ခုလုံး ရက်အတော်ကြာတိတ်ဆိတ်ပြီး အလောင်းမပါတဲ့နာရေး အတွက် ထိခိုက်ခံစားကြရတယ်လို့ ဆိုပါတယ်။
လူငယ်လေးတွေဟာ တိုင်းပြည်ကပေးတဲ့ တာဝန်အသီးသီးကို နည်းမျိုးစုံနဲ့ ထမ်းပိုးခဲ့ကြတယ်။ တချို့က တော်လှန်ရေးနယ်မြေမှာ။ တချို့က လွတ်မြောက်နယ်မြေမှာ။ တချို့က ဗီနိုင်းအချို့ကိုင်ဆောင်ရင်း လမ်းတွေပေါ်မှာ။ တချို့က ငရဲသားတမျှဆိုးရွားယုတ်ညံ့တဲ့ စစ်ကောင်စီရဲ့ အကျဉ်းခန်းတွေထဲမှာ။ နိုင်ရာဝန်ကိုထမ်းဖို့ လူငယ်တွေဟာ ထွက်လာကြတာပဲ ဖြစ်ပါတယ်။
“ကျွန်တော်တို့စစ်ဆင်ရေးတွေထွက်တဲ့အခါ အောင်မြင်ရမယ်။ လူစုံတက်စုံ စခန်းကို ပြန်ဝင်မယ်ဆိုပြီး ထွက်ခဲ့ကြတယ်။ ထင်မှတ်မထားတဲ့ ကြားညှပ်အတိုက်ခံရတာတွေ၊ ကင်းပုန်းဝပ်စစ်ကြောင်းနဲ့ တိုးတာမျိုးဆိုရင် ကျွန်တော်တို့ဘက်က ဆုံးရှုံးမှုရှိတာတွေကို လက်ခံလိုက်ရတာပါပဲ။ ဖြစ်တဲ့နည်းနဲ့ dead body ကိုတော့ ရအောင်ပြန်ယူတယ်။ ကျွန်တော်တို့ရဲ့ မိသားစုလေ” လို့ ကိုနွေဦးကပြောပါတယ်။
လူငယ်တွေဟာ တိုင်းပြည်က လွှဲပြောင်းပေးအပ်လိုက်တဲ့ ခေတ်ရဲ့တာဝန်ကို ထမ်းယူဖို့ အိမ်ကနေ ထွက်လာကြတယ်။ မိသားစုကိုစွန့်ခွာပြီး ကိုယ်နိုင်ရာတာဝန်ယူဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ ခိုဝင်ကြတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒီလူငယ်တွေရဲ့ ဒုတိယမိသားစုပဲ ဖြစ်ပါတယ်။
လူငယ်တွေဟာ ခေတ်ဝန်ကိုထမ်းရင်း လမ်းခုလတ်မှာ ကြွေလွင့်ရတဲ့အခါ ဒုတိယမိသားစုလက်ထဲက ဖယ်ခွာရပြန်ပါတယ်။ တိုင်းပြည်ကို မကောင်းဆိုးရွားလက်ထဲမကျရောက်စေဖို့အတွက် တာဝန်ယူကြ သူတွေမှာ လူငယ်တွေတင် မဟုတ်ဘဲ လူငယ်၊ လူလတ်၊ လူကြီးမကျန် ရုန်းကန်နေကြရတာပါ။
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အသက် (၇၃) နှစ်ဟာ အကျဉ်းထောင်ထဲမှာ ဆေးကုသခွင့်မရခဲ့လို့ သေဆုံးခဲ့ရသူပါ။ ဒေါက်တာ ဇော်မြင့်မောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ဖို့ နာရီပိုင်းအလိုမှာ တို့လို့တန်းလန်း စည်းကမ်းချက်တွေနဲ့ လွတ်ငြိမ်းခွင့်ကို စစ်ကောင်စီက လာရောက်ဖတ်ပြခဲ့ပါတယ်။
ဆရာကြီး(ဒေါက်တာဇော်မြင့်မောင်)ကို မီးသင်္ဂြိုဟ်မယ့်နောက်ဆုံးအချိန်မှာ “ဆရာကြီးကို ပါတီ တာဝန်များ၊ ပါတီတာဝန်များနှင့် ဆက်နွယ်သည့် တာဝန်အဝဝမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်” တဲ့..။
ဒါတွေဟာ အင်မတန် ရင်နာရတဲ့ စကားလုံးတွေဖြစ်ပြီး ဆရာကြီးက စစ်ကောင်စီလက်ကအပြင် ကိစ္စအရပ်ရပ် ကနေ လွတ်ငြိမ်းခွင့်ရသွားတာပါလို့ ကိုနွေဦးက ဆိုပါတယ်။
“အမိန့်ပြန်တမ်းတွေကို သေသွားရှာပြီဖြစ်တဲ့ ကျွန်တော့် ရဲဘော်တွေက လိုက်နာကြမှာ။ သူတို့က အမိန့်တွေကို နာခံတတ်တယ်။ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကြတယ်။ သူတို့ကို တပ်အင်အားက ထုတ်ပယ်လိုက်သည်လို့ အမိန့်ပေးတာကိုတော့ သူတို့ ဘာအပြစ်ရှိခဲ့လို့ ထုတ်တာ လည်းလို့ နာကျင်ရင်းနဲ့ပဲ နာခံကြဦးမှာပါ” လို့ ကိုနွေဦးက ပြောပါတယ်။
သေဆုံးခဲ့ကြရတဲ့ ရဲဘော်အချို့ရဲ့ မိသားစုဝင်တွေဟာ သူတို့ရဲ့ သူရဲကောင်းသားငယ် သေဆုံးတာကို မယုံကြည်နိုင်ကြပါဘူး။ ကလေးက လမ်းထိပ်မှာ မုန့်ဟင်းခါးသွားဝယ်ရင်း ပျောက်သွားတာပါ။ မဖြစ်နိုင်ပါဘူးလို့ ယူကျူံးမရ ငြင်းဆန်တဲ့ မိခင်တွေလည်း ရှိပါတယ်။
“သားရယ်ဖြစ်နိုင်ရင် အမေ့ကို အမေ့သား ကွယ်လွန်တဲ့ ဓာတ်ပုံလေးပဲ ပြပါ။ ဓာတ်ပုံလေးတော့ ပို့ပေးပါလို့ တောင်းဆိုတဲ့ မိခင်တွေရှိတယ်။ ကျွန်တော်လည်း ခံစားတတ်တဲ့နှလုံးသားနဲ့မို့ အတော် နာကျင်ရပါတယ်” လို့ ကိုနွေဦးကပြောပါတယ်။
အလောင်းအပြည့်အစုံတောင်ပြန်မရတဲ့သူတွေရှိသလို ဘယ်သူဘယ်ဝါ ခွဲခြားလို့မရတော့တဲ့အထိ ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ ရဲဘော်တွေလည်း တိုက်ပွဲမှာရှိတတ်ပါတယ်။
သူတို့ကို စုပေါင်းသင်္ဂြိုဟ်ရတဲ့အခါ အမိန့်စာအပြင် တစ်ဦးချင်းစီကို ကျကျနန သင်္ဂြိုဟ်မပေးနိုင်ခဲ့တာကို ခွင့်လွှတ်ပါ။ ငါ့ရဲဘော်တို့ လွတ်မြောက်ရာသာသွားပါတော့လို့ တီးတိုးရေရွတ်ရတဲ့ အခါတွေလည်း ရှိခဲ့တယ်လို့ ကိုနွေဦးကပြောပြပါတယ်။
“ကြာတော့ ကျွန်တော်စိတ်ကျလာတယ်။ ရဲဘော်တွေကိုချီပွေ့ မ ယူလို့ လက်တွေမှာ သွေးစွန်းတဲ့အခါ လက်ကို ခဏ ခဏဆေးမိတယ်။ အရေခွံတွေနူးကုန်တဲ့ထိ လက်ကို အခါခါဆေးနေမိတာ။ ကိုယ့်မိသားစုလို့သတ်မှတ်ထားတဲ့ ရဲဘော်တွေကိုယ့်မျက်စိရှေ့တင်ကျဆုံး၊ ကိုယ်တိုင်လက်နဲ့ မီးရှို့၊ ကိုယ်တိုင်ကိုယ်ကျ မင်းတို့ကို ထုတ်ပယ်လိုက်သည်။ သွားလိုရာသွားနိုင်ပြီလို့ အမိန့်ပြန်ရတာ ကျွန်တော် စိတ်ထဲ တအားခံစားရတယ်။ စိတ်ဖိစီးတယ်” လို့ ကိုနွေဦးက ပြောပါတယ်။
ကိုနွေဦးတို့လို တော်လှန်ရေးရဲဘော်တွေအတွက်တော့ မိသားစုဝင်တွေအသတ်ခံရတာ။ စစ်ပွဲအတွင်း၊ တိုက်ပွဲအတွင်း သူစိမ်းတွေဖြစ်တဲ့ဖြစ်ရပ်တွေဟာ ကိုယ်တိုင်ကြုံသလို ခံစားရတာ။ စစ်ပွဲအတွင်း နေထိုင်နေရတာတွေဟာ အချိန်ကြာလာတာနဲ့အမျှ စိတ်ခံစားချက်တွေများစရာ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။
ရဲဘော်တွေဟာ စစ်ကောင်စီလာမယ့်လမ်းကြောင်းမှာ မစ်ရှင် သွားလုပ်ရင်း ကင်းပုန်းနဲ့တိုးလို့ အရှင် ဖမ်းဆီးသွားခံရပြီး နောက်တစ်နေ့မှာ လူရုပ်မပေါ်အောင် နှိပ်စက်သတ်ဖြတ်ထားတာ၊ အလောင်းတွေကို ရေမြောင်းပြွန်ထဲပစ်ချထားတာကို ပြန်သယ်ယူခဲ့ရတဲ့ ဖြစ်ရပ်တွေဟာလည်း တော်လှန်ရေးတပ်ဖွဲ့တွေမှာ ကြုံနေကြရတဲ့ ဖြစ်ရပ်တွေလို့ PDF တပ်ဖွဲ့ ခေါင်းဆောင်ကိုနွေဦးဆီကနေ သိရပါတယ်။
“နားတွေ၊ နှာခေါင်းတွေကို မသေခင်မှာဖြတ်တောက်ထားတယ်။ မျက်လုံးတွေ ကလော်ထုတ်ထားတာ။ ဝမ်းဗိုက်နဲ့ပေါင်တွေမှာ ဓားနဲ့ထိုးသွင်းထားပြီး မျက်နှာတွေကို ဓားနဲ့မွှန်းထားတာ၊ လက်တွေခြေတွေ အဆစ်ကနေခုတ်ထားတာ။ ပြီးမှ လည်ပင်းကို ခုတ်ဖြတ်ထားခဲ့တယ်။ လူတွေမဟုတ်ဘူး ဘီလူးသရဲ တွေဗျ။ စစ်စည်းကမ်း၊ သုံ့ပန်းစည်းကမ်း ဘာတစ်ခုမှမလိုက်နာကြဘူး။ ကလေးတွေ ဖမ်းမိလို့ကတော့ သေလူလို့ မှတ်လိုက်ရတာပါပဲ” လို့ ကိုနွေဦးကပြောပါတယ်။
လဲပြိုလို့ မဖြစ်တာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်၊ လက်နက်တီထွင်၊ ယမ်းဖော်စပ်၊ တိုက်ပွဲအတွက် ကြိုတင်အသင့်ပြင်နဲ့ပဲ ဝမ်းနည်းနာကျင်စရာတွေဟာ ဘယ်တုန်းကမှမဖြစ်ခဲ့သလိုမျိုး ကိုနွေဦးတို့ စခန်းတစ်ခုလုံး ရှေ့ဆက်ရပါတယ်။
စားသုံးဖို့ဆန်၊ တိုက်ပွဲဖော်ဆောင်ဖို့ လက်နက်နဲ့ကျည်၊ မိုင်းအတွက် အခြေခံလိုအပ်တဲ့ပစ္စည်းတွေ ရှာဖွေ ရတဲ့အခါမှာလည်း အားငယ်ရတယ်လို့ ကိုနွေဦးက ဆိုပါတယ်။
“တော်လှန်ရေးကြီးပြီးရင် ကျွန်တော်ကျောင်းပြန်တက်မယ်။ စာကြည့်တိုက်လေးဖွင့်မယ်။ ညကျောင်း လေးဖွင့်ပြီး ကလေးတွေကို စာသင်မယ်။ တပ်အင်အားကထုတ်ပယ်ခံရလို့ ဝမ်းနည်းနေကြတဲ့ ကျွန်တော့် ရဲဘော်ရဲဘက်တွေကို ခေါ်ပြီး အလှူကြီးလုပ်အမျှဝေမယ်။ ဒီကောင်တွေ ကျေနပ်ကြမှာပါ” လို့ ကိုနွေဦးကပြောပါတယ်။
အဲ့ဒီအခါကျရင် သင့်အားငါတို့၏ တော်လှန်ရေးတာဝန်များမှ ငြိမ်းချမ်းစွာ အနားပေးလိုက်သည်။ အနားယူကြပါတော့လို့ ကျွန်တော် ထုတ်ပြောမယ်လို့ ကိုနွေဦးက ထပ်လောင်းပြောပါတယ်။
“အခုချိန်မှာတော့ စစ်ကောင်စီကို ခုခံတော်လှန်စစ် ဆင်နွှဲနေတဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့ရင် သင့်အား တပ်အင်အားမှ ထုတ်ပယ်လိုက်သည်။ သင်သွားလိုရာ သွားနိုင်ပြီလို့ ရွတ်ဖတ်ရဦးမှာ”
#သင့်အားတပ်အင်အားမှထုတ်ပယ်လိုက်သည် #ဆောင်းပါး #Ayeyarwaddy_Times