ဧရာဝတီတိုင်းမ်
ဇွန်လ ၂၇ ရက်

ယူကရိန်းနိုင်ငံအတွက် ခေတ်မီ တာလတ် မြေပြင်-ဝေဟင်ခွင်းဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူခဲ့သည် ဟု အမေရိကန်နိုင်ငံက ယခုသီတင်းပတ်အတွင်း ကြေညာရန် စီစဉ်နေသည်ဟု သိရသည်။
ရုရှားကျူးကျော်စစ်ကို တွန်းလှန်နေရသည့် ယူကရိန်းနိုင်ငံသို့ ပိုမိုခေတ်မီသည့် ဒုံးကျည်စနစ်များ၊ လက် နက်ခဲယမ်းများ ထောက်ပံ့ပေးမည်ဟု ဂျာမနီနိုင်ငံ၌ G7 ခေါင်းဆောင်များနှင့် ထိပ်သီးဆွေးနွေးပွဲပြုလုပ်နေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။

ယူကရိန်းသမ္မတ ဇီလန်စကီးက ယနေ့ သမ္မတ ဂျိုးဘိုင်ဒင်နှင့် G7 ခေါင်းဆောင်များကို အွန်လိုင်းမှတစ် ဆင့် ယူကရိန်းနောက်ဆုံးအခြေနေ တင်ပြမည်ဖြစ်သည်။ ယူကရိန်းစစ်တပ်၏ တောင်းဆိုမှုများကြောင့် အမြောက်ကျည်များ၊ ရေဒါစနစ်များအပါအဝင် စစ်ရေးအ ကူအညီများ ပေးပို့မည့်အစီအစဉ်ကို ယခုသီတင်းပတ်အတွင်း ကြေညာမည်ဖြစ်သည်။ ယူကရိန်း တာဝန်ရှိသူများက မိုင် ၁၀၀ အကွာအဝေးရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်သည့် NASAMS ဒုံးပစ် စနစ် ထောက်ပံ့ပေးရန် တောင်းဆိုထားသည်။

ဘက်စုံသုံးဒုံးပစ်လောင်ချာလေးလက်နှင့် အမြောက်ကျည်များ အပါအဝင် ဒေါ်လာ သန်း ၄၅၀ တန်ကြေး ရှိ ထပ်တိုးစစ်ရေးအကူအညီ ပေးအပ်မည်ဟု အမေရိကန်အစိုးရက ပြီးခဲ့သည့်အပတ်အတွင်း ကြေညာခဲ့သည်။
ဟောင်ဝှစ်ဇာအမြောက်ကြီးများ၊ ကင်းလှည့်ရေယာဉ်များအပါအဝင် ယူကရိန်းသို့ ဒေါ်လာ တစ်ဘီလီယံ တန်ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်ကြောင်း အမေရိကန်အစိုးရက ယခုလအစောပိုင်းတွင် ကြေညာခဲ့သည်။
ရုရှားတပ်ဖွဲ့များက လက်နက်ကြီးများ၊ ဒုံးကျည်တိုက်ခိုက်မှုများပြုလုပ်၍ ယူကရိန်းနိုင်ငံအရှေ့ပိုင်း၌ ပြင်းထန်သောတိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း ယူကရိန်း တာဝန်ရှိသူများက ယူဆသည်။

“ယူကရိန်းနိုင်ငံရဲ့ လွတ်မြောက်ရေးတိုက်ခိုက်မှုအတွက် သမိုင်းဝင် အကူအညီပံ့ပိုးရာမှာ ကမ္ဘာကြီးကို ကျွန်တော်တို့ ဆက်လက်ဦးဆောင်မှာဖြစ်ပါတယ်” ဟု သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့သောလအတွင်း နယူးယောက် တိုင်းမ်သတင်းစာ၏ အတွေးအမြင်ဆောင်းပါးတစ်ခုအတွင်း ရေးသားခဲ့သည်။

ကိုးကား – စီအန်အန်
Ref; US to announce purchase of medium- to long-range surface-to-air missile defense system for Ukraine