ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်

ဧရာ၀တီတိုင်း၊ ငပုတောမြို့တွင်အောက်တိုဘာလ၂၃ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့သော စက်လှေမှောက်ပြီး ရဲတပ်ဖွဲ့၀င်နှစ်ဦးသေဆုံးခဲသော ဖြစ်စဥ်နှင့်ပတ်သတ်ပြီး တိုင်းရဲရုံးမှ မြို့မရဲစခန်းကို စစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

“စက်လှေမှောက်တဲ့အထဲမှာ တစ်ယောက်ရဲ့အလောင်းပဲပြန်ရသေးတယ်။ နောက်တစ်ယောက်က အလောင်းပြန်မရသေးတဲ့အပြင် သေနတ်ပါ ပါသွားလို့ ထွက်ပြေးတယ်ထင်ပြီး တိုင်းရဲရုံးကစစ်ဆေးရေးတွေ လုပ်နေတာ”ဟု မြို့နယ်ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ငပုတောမြို့မရဲစခန်းမှ ဖျံရေကျော် ကျေးရွာအုပ်စု နယ်ထိန်း အောင်ကျော်ဦးနှင့် တမာန်ချောင်းကျေးရွာအုပ်စု နယ်ထိန်းမျိုးကိုတို့ နှစ်ဦးသည် ငပုတောမြစ်အတွင်း ညပိုင်းတံငါလှေများကို စစ်ဆေးငွေတောင်းရန် ငါးလုပ်ငန်းစက်လှေဖြင့်ထွက်ခွာစဥ် ကံစိတ်ရွာအနီးတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် နယ်ထိန်းအောင်ကျော်ထွန်း၏ ရုပ်အလောင်းကိုသာ ပြန်လည်ရှာဖွေတွေ့ရှိထားပြီး နယ်ထိန်းမျိုးကိုဆိုသူ၏ ရုပ်အလောင်းကိုရှာဖွေမတွေ့ရှိပဲ သေနတ်တစ်လက်ပါပျောက်ဆုံးနေသောကြောင့် ထွက်ပြေးသည်ဟုယူဆကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းထံမှသိရသည်။

စက်လှေမောင်းသူ ငါးလုပ်ငန်းမှ ၀န်ထမ်းဖြစ်သူ၀င်းကို ဆိုသူကိုလည်း ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

#ငပုတော # စက်လှေမှောက် #ရဲ၂ဦးသေ #တိုင်းရဲရုံးမှစစ်ဆေး #နယ်ထိန်း #အောင်ကျော်ထွန်း #မျိုးကို #Ayeyarwaddy_Times