
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ရှိကျေးရွာများကို နယ်မြေခံစစ်ကြောင်းနှင့် မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ ထပ်မံရောက်ရှိလာသည့် စစ်ကြောင်းနှစ်ကြောင်း ပူးပေါင်းပြီး ထပ်မံစစ်ကြောင်း ထိုးဝင်ရောက်နေကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီ၏ ပူးပေါင်းစစ်ကြောင်းသည် ဘုတလင်မြို့ မြောက်ကျီရွာကိုရောက်ရှိလာပြီး ထိုမှတဆင့် ပဲပြစ်တောအနောက်စု လမ်းခွဲဇရပ်မှ ကားလမ်းအတိုင်းမြောက်အရပ်သို့ ဦးတည်နေကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြေပြင်သတင်းများကို သတိပေးဖော်ပြထားသည်။
“နမခကနေ ထပ်ရောက်လာတဲ့ စစ်ကြောင်းနဲ့ ဘုတလင်စစ်ကြောင်းနဲ့ပေါင်းပြီး စစ်ကြောင်း ထပ်ဝင်နေတယ်။ လမ်းတစ်လျှောက်ကရွာတွေ ကြိုတင်ရွှေ့သင့်ရင် ရွှေ့ပြောင်းကြပါ။ အထူးသတိ ထားကြပါ” ဟု စစ်ကိုင်းမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ တပ်မ ၃၃ စစ်ကြောင်းသည် ဘုတလင်မြို့နယ်ထဲရှိ ကျေးရွာများကို ပြီးခဲ့သည့် အောက် တိုဘာ ၁၀ ရက်မှစတင်ပြီး စစ်ကြောင်းထိုးဝင်ရောက် နေခြင်းဖြစ်သည်။
အဆိုပါအင်အား ၁၀၀ ပါ စစ်ကြောင်းသည် ဘုတလင်မြို့နယ်ထဲရှိ ကျေးရွာ ခြောက်ရွာက ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးသတ် ဖြတ်ခဲ့ပြီး စီပါရွာမှ ဒေသခံများကိုမူ ရက်ရက်စက် စက် ခေါင်းဖြတ်၍ ခြေလက်များကိုထုတ်ထစ်ကာ မီးရှို့သတ်ဖြတ်မှုများကို လုပ်ဆောင်ခဲ့သည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါစစ်ကြောင်းသည် ယခင်က စစ်ကိုင်းတွင် စီးနင်းဝင်ရောက် သတ်ဖြတ်ခဲ့သည့် ဘီလူး စစ်ကြောင်းကဲ့သို့ပင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ပထမပတ်က ဆားလင်းကြီးမြို့နယ် အနောက်ခြမ်း ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာတွင် ပြည်သူသုံးဦးကို ရက်ရက်စက်စက် ခေါင်းဖြတ် သတ်ဖြတ်ပြခဲ့သည့် ကျားဘီလူးစစ်ကြောင်းဖြစ်ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့အထိ စိုင်ပြင်လေးကျေးရွာတွင် တပ်စွဲကာ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၆၀ ကျော်ကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။
“စစ်ကြောင်းထိုးလာတဲ့ ရွာစဉ်တစ်လျှောက်က နေအိမ်တွေကို မီးရှို့လာတဲ့အပြင် ဒေသခံတွေကိုလည်း ဖမ်းဆီးရိုက်နှက်၊ ညှင်းပန်းတဲ့အပြင် သေနတ်နဲ့ပစ်သတ် ထားခဲ့တာတွေလည်းရှိတယ်”ဟု နယ်မြေခံ PDF တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီးအများဆုံးဖမ်းဆီးခံရကာ ယနေ့အချိန်ထိ မလွတ်မြောက် သေးသူများ ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ကျေးရွာများကို ဝင်ရောက် စစ်ကြောင်းထိုးပြီး နောက်တစ်ရက်တွင် စစ်ကြောင်း ပြန်ထွက်သည့်ပုံစံဖြင့်အယောင်ပြကာ ကင်းပုန်းဝပ်၊ တပ်ဖျောက်၍ ရွာထဲဝင်လာသည့် ဒေသခံများကို ဖမ်း ဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ-စစ်ကောင်စီတပ်စစ်ကြောင်းမှ ဝင်ရောက်မီးရှို့ခဲ့သဖြင့် ပျက်စီးသွားသည့် စီပါရွာရှိ အဆောက်အအုံအချို့ကို ၂၀၂၄ အောက်တိုဘာ ၁၉ ရက်နေ့က တွေ့ရစဥ်။
ပုံစာ-၂၀၂၃ အောက်တိုဘာက ဆားလင်းကြီးတွင် စစ်ကြောင်းထိုးလာသည့် ကျားဘီလူးစစ်ကြောင်း ရေးသားခဲ့သည်စာ (ပုံဟောင်း)
#စစ်ကိုင်း #ဘုတလင် #စစ်ကောင်စီ #နမခ #စစ်ကြောင်း #ပူးပေါင်း #စစ်ကြောင်းထိုး #ဒေသခံများဖမ်းဆီး #Ayeyarwaddy_Times