
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်
ရှမ်းမြောက်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တိုက်ခိုက်သိမ်းယူထားသည့် နမ့်ခမ်းမြို့ကို စစ်ကောင်စီက ယနေ့နံနက်ပိုင်းတွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယနေ့ အောက်တိုဘာ ၂၇ ရက် နံနက် ၇ နာရီ ၃၅ မိနစ်ခန့်မှစတင်ပြီး နမ့်ခမ်းမြို့ကို ဂျက်ဖိုက်တာဖြင့် သုံးကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း TNLA က ထုတ်ပြန်ထားသည်။
ထို့အပြင် ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၁၂ နာရီ ၂၀ မိနစ်အချိန်ကလည်း လောက်ကိုင်မြို့ပေါ်ရှိ လူနေရပ်ကွက်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့ပေါ်ရှိ စွမ်းဖုန်ချိန်ဧရိယာကို လေကြောင်းမှ နှစ်ကြိမ်ခန့် ဗုံးသုံးလုံးထက်မနည်းကြဲချခဲ့ရာ အဆိုပါနေရာရှိ ဟိုတယ်အဆောက်အအုံအများအပြား ထိခိုက်ပျက်စီးခဲ့ပြီး လူနေအိမ်များပါ ထိခိုက်ပျက်စီးခဲ့ကြောင်း MNDAA က ယနေ့တွင် ထုတ်ပြန်ထားသည်။
“၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်မှု တစ်နှစ်ပြည့် ယနေ့ နှစ်ပတ်လည်နေ့မှာ ညီနောင်မဟာမိတ်ဖြစ်တဲ့ တအာင်း(TNLA)၊ ကိုးကန့်(MNDAA)၊ ရက္ခိုင်(AA) နယ်မြေတွေမှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု တစ်ပြိုင်နက်ပြုလုပ်နေတယ်။ ထိုနယ်မြေရှိ ပြည်သူလူထုများ လေကြောင်းသံကြားလျှင် ခိုင်ခန့်လုံခြုံသည့် အဆောက်အဦးအတွင်း မှောက်လျက်နေပါ။ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ လုံခြုံသည့်နေရာနေပါ။ လေယာဥ်သံကြားလျှင် မစပ်စုပါနဲ့ ထွက်မကြည့်ပါနဲ့” ဟု TNLA စစ်ရေးသတင်းရင်းမြစ်က ဒေသခံများအား အသိပေးပြောဆိုထားသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင်မဟာမိတ် တပ်ဖွဲ့များမှ အရှိန်အဟုန်မြှင့်စတင်ခဲ့ပြီး နာရီပိုင်းအတွင်း စစ်ကောင်စီ၏တပ်ခန်းအမြောက်အများကို သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်။
အရှိန်အဟုန်ဖြင့်စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် နှစ်လတာကာလအတွင်း တပ်စခန်းများအပြင် မြို့သိမ်းတိုက်ပွဲများကို ဖော်ဆောင်လာနိုင်ပြီး စစ်ကောင်စီ၏ လောက်ကိုင်ဒကစ အပါအဝင် မြို့ပေါင်း ၁၆ ခုကို သိမ်းပိုက်နိုင်ခဲ့သည်။
ကိုးကန့်တပ်ဖွဲ့ MNDAA က လောက်ကိုင်၊ ပန်ဆိုင်း (ကြူကုတ်)၊ကွမ်းလုံ၊ ချင်းရွှေဟော်၊ ကုန်ကြမ်း၊ တာမိုးညဲ၊ သိန္နီ(သိန်းနီ)နှင့် တအာင်းတပ်မတော် TNLA က နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။
ယင်းသို့ သိမ်းပိုက်ခံထားရသည့် နယ်မြေများကို စစ် ကောင်စီက လေကြောင်းမှ အကြိမ်ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်လျှက်ရှိကြောင်း တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။
Photo -TNLA, MNDAA (ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့ နံနက်ပိုင်း လောက်ကိုင်ရှိဟိုတယ်အချို့စကစလေကြောင်းမှ ဗုံးကြဲမှုကြောင့် ပျက်စီးနေမှုနှင့် နမ့်ခမ်းမြို့ဗုံးကြဲခံရမှု)
#ရှမ်းမြောက် #နမ့်ခမ်း #လောက်ကိုင် #စစ်ကောင်စီ #ဗုံးကြဲ #Ayeyarwaddy_Times