(မင်းတပ်)၊ ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၆ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်း နေရာအနှံ့ကို စစ်ကောင်စီက ယနေ့ မွန်းလွဲ ၁၂နာရီခန့်တွင် ဗုံးသီးအလုံးရေ ၇၀ ထက်မနည်း လေကြောင်းမှ ကြဲချခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုကို အသေးစိတ်မသိရှိရသေးသော်လည်း အဆောက်အဦးနှင့် လူနေအိမ်အများပြား ထိခိုက်ပျက်စီးနိုင်ကြောင်းသိရသည်။

“ဖုန်းလိုင်းမရတော့ အဆက်သွယ်လုပ်လို့ မရသေးဘူး။ မြို့ထဲနဲ့ မြို့ပြင် ဗုံးသီးအလုံး ၆၀ ကျော်၊ ၇၀ လောက် ကြဲတာဘဲ သိရသေးတယ်။ မြို့ထဲမှာ အရပ်သားတွေ မရှိသလောက်ပါဘဲ။ အဲ့ဒီအတွက် အရပ်သားထိခိုက်မှုရှိနိုင်ချေ နည်းတယ်။ ဒါပေမယ့် အဆောက်အဦးတွေ၊ နေအိမ်တွေက အတော်လေးပျက်စီးနိုင်
တယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲ သတင်းကြောင့်စစ်ကောင်စီသည် မြို့အားအလုံးစုံ ပျက်စီးရေးအတွက် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

” နေအိမ်တွေ မီးလောင်သွားတာလို့ပြောဖို့အတွက် စစ်ကောင်စီက အခုလို ရည်ရွယ်ချက်ရှိရှိ မြို့တွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်တယ်။ အဲ့ဒီအတွက် စစ်ကောင်စီက မင်းတပ်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေဦးမယ်လို့ထင်တယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ယမန်နေ့ အောက်တိုဘာ ၂၅ရက်နေ့ကလည်း မင်းတပ်မြို့ကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အာရက္ခတပ်တော် (AA) နှင့် CDF (Midat) ဘက်မှ ၄၀ခန့်ကျဆုံးပြီး ၆၀ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖော်ပြကြသည်။

ယမန်နေ့ လေကြောင်း တိုက်ခိုက်မှုအပ်အဝင် ယနေ့လေကြောင်း တိုက်ခိုက်မှု အခြေနေများကို အသေးစိတ်သိရှိရန်အတွက် ချင်းကာကွယ်ရေးတပ်(မင်းတပ်)ပြန်ကြားရေးအဖွဲ့ကို ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဆက်သွယ်၍မရရှိသေးပါ။

#မင်းတပ်မြို့ #နေရာအနှံ့ #စစ်ကောင်စီ #ဗုံးသီးအလုံး၇၀ #ကြဲချ #Ayeyarwaddy_Times