ဓာတ်ပုံ - စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ယမန်နေ့က ဆီကန်များကိုလိုက်စစ်နေစဥ်

ဧရာဝတီတိုင်းမ်
သြဂုတ်လ ၆ ရက်

ယနေ့တွင် နယ်မြို့တချို့ရှိ ဆီလက်ကျန် မရှိသဖြင့် မရောင်းချနိုင်သော၊ လက်ကျန်နည်းနေသဖြင့် အကန့်အသတ်ဖြင့် ရောင်းချနေကြရသော စက်သုံးဆီဆိုင်များကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက ဦးဆောင်ပြီး လိုက်လံစစ်ဆေးနေကြောင်း သိရသည်။

“ဟုတ်ပါတယ်။ ကျနော်တို့ဆိုင်မှာ ဆီက အခုထိ ထုတ်မရလို့ မထုတ်ရောင်းနိုင်တာ။ လာစစ်တယ်။ ဆီကန်ထဲထိ ဆင်းကြည့်မလား မေးလိုက်တယ်။ အလုပ်လာပြတာပါဗျာ။ သူတို့ကမှ ဆီလုံလောက်အောင် မဖြန့်ပေးနိုင်တာကို အောက်က ဆိုင်အငယ်တွေကို ပါဝါအာဏာလာပြတာ” ဟု တောင်ငူမြို့နယ်ရှိ ဆီဆိုင်ပိုင်ရှင် တဦးက ဧရာဝတီတိုင်းမ်သို့ ဆိုသည်။

ဒေါ်လာဈေးနှုန်း အလွန်အမင်း ထိုးတက်သွားခြင်း၊ ဒေါ်လာဝယ်ယူရန် ခက်ခဲနေခြင်းများကြောင့် နိုင်ငံခြားမှ ဆီတင်သွားကြသော လုပ်ငန်းတချို့ ရပ်ဆိုင်းနေကြသဖြင့် လက်ကျန်ဆီများကိုသာ အမှီပြု ရောင်းချဖြန့်ဖြူးနေရပြီး သီလဝါဆိပ်ကမ်းတွင် အကန့်အသတ်ဖြင့်သာ ဆီထုတ်ယူနေကြရသည်။

သို့သော်လည်း အာဏာသိမ်းစစ်တပ်မှ စက်သုံးဆီပြတ်လပ်မှု သတင်းများ ထွက်ပေါ်နေသည်ကို သတင်းအမှားဟု ဆိုပြီး တချို့စက်သုံးဆီဆိုင်များက ဆီဈေးနှုန်း အပြောင်းအလဲ ရှိမည်ဟုယူဆပြီး ရောင်းချနေမှုကို ရပ်တန့်ခြင်း၊ ကန့်သတ်ခြင်းများ ဆောင်ရွက်နေကြောင်း သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ ဆောင်ရွက်နေသော စက်သုံးဆီဆိုင်များကို တိုင်းနှင့်ပြည်နယ်အလိုက် သတင်းအမှား၊ ပြည်သူများ စိုးရိမ်မှု မဖြစ်စေအောင် ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ပြီး ထိုကဲ့သို့ ရောင်းချမှုရပ်တန့်နေသော၊ အကန့်အသတ်ဖြင့်ရောင်းချနေသော ဆီဆိုင်များကို အရေးယူမည်ဟု ကြေညာထားသည်။

လက်ရှိတွင် လက်ကျန်ဆီ နည်းပါးနေမှုကြောင့် တိုင်းနှင့်ပြည်နယ်အနှံ့ စက်သုံးဆီဆိုင်များတွင် ဆီကို အကန့်အသတ်ဖြင့်သာ ဖြန့်ဖြူးခြင်း၊ ဆီမရသဖြင့် အရောင်းရပ်နားခြင်းမျာရှိနေသည်။
သို့သော်လည်း စစ်ဆေးမှု့တချို့တွင် တရားမဝင် ငွေကြေးရယူမှု့များလည်း ရှိနေကြောင်း၊ စစ်ဆေးမည့်ဆိုင်များကို ကြိုတင်အသိပေးကာ အကာအကွယ် ပေးမှု့များရှိနေကြောင်း သိရသည်။

“စာအိတ်လေးတွေနဲ့ပေါ့။ စစ်ဆေးတယ်လို့ သူတို့ကလည်း အလုပ်ပြရတာပေါ” ဟု အစစ်ဆေးခံရသော ဆိုင်တခုမှ မန်နေဂျာတဦးက ဆိုသည်။