
ဧရာဝတီတိုင်းမ်
(ချင်း)၊ အောက်တိုဘာ ၂၄ ရက်
မြန်မာနိုင်ငံတွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် အလုပ်အကိုင် အခွင့်အလမ်း များရှားပါးလာပြီး မိသားစုစားဝတ်နေရေး အင်မတန်ခက်ခဲမှုများရှိလာ၍ ချင်းလူငယ်များ ပြည်ပနိုင်ငံသို့ ထွက်ခွာမှုများပြားနေကြောင်းသိရသည်။
အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် မြို့နယ်၊ ဒေသအလိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့များ အသီး သီးပေါ်ပေါက်လာပြီး ချင်းလူငယ်များသည် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် မိမိမြို့နယ်၊ မိမိဒေသရှိ ချင်းတော်လှန်ရေးတပ်ဖွဲ့တို့တွင် အသီးသီးဝင်ရောက်ခဲ့ကြသည်။
တော်လှန်ရေးကြာလာသည်နှင့်အမျှ ချင်းပြည်နယ်တွင် စစ်ရှောင်များပိုမိုများပြာလာခြင်း၊ စစ်ကောင်စီက ဖြတ်လေးဖြတ်ကို အသုံးပြုခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ တော်လှန်ရေးနယ် မြေကျယ်ပြန့်လာပြီး တိုက်ပွဲပြင်းထန်ခြင်း၊ ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်လာခြင်း၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲခြင်းနှင့် မိသားစုစားဝတ်နေရေးအကျပ်အတည်းတို့ကြောင့် ချင်းလူငယ်များသည် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားလာကြောင်းဒေသခံများထံက သိရသည်။
“မိသားစုဝင် လေးဦးထဲမှာ ကျွန်တော်က သားအကြီးဆုံးပါ။ စစ်ကောင်စီကို တစ်နှစ်ကျော်တော် လှန်ခဲ့တယ်။ တော်လှန်ရေးလုပ်ချင်ပေမယ့် တစ်ဖက်မှာ မိသားစုဝင်တွေရဲ့ စားဝတ်နေရေး အလွန်ခက်ခဲတဲ့အတွက် တော်လှန်ရေးဘဝကို စွန့်လွှတ်ပြီး မလေးရှားကို သွားလိုက်တာပါ။ မလေးရှား မှာလည်း အဆင်မပြေပေမယ့် မိသားစုတွေကို တတ်နိုင်သမျှ ကူညီထောက်ပံ့နေသလို တော်လှန် ရေးကိုလည်း ထောက်ပံ့မှုတွေ ပြုလုပ်နေပါတယ်” ဟု ဟားခါးမြို့မှ မလေးရှားရောက် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြည်ပနိုင်ငံသို့ ထွက်ခွာသော ချင်းလူငယ်အများစုသည် မိသားစုစားဝတ်နေရေးအဆင်မပြေမှုကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့မှ အနားယူ၍ ပြည်ပနိုင်ငံသို့ ထွက်ခွာသူများပြားပြီး မိဘများ၏ ဖိအားပေးမှုကြောင့် ပြည်ပနိုင်ငံသို့ ထွက်ခွာသူများလည်းရှိကြောင်း သိရသည်။
ချင်းပြည်နယ်တွင် ပညာရေးနှင့် ကျန်မားရေးစနစ်များလည်း ကောင်းမွန်စွာ မလည်ပတ်နိုင် သည့်အတွက် ကျောင်းနေရွယ်ကလေးငယ်များလည်း ကောင်းမွန်စွာ ပညာသင်ကြားနိုင်ခြင်မရှိသလို့ ရာသီအလိုက်ဖြစ်ပွားသော ရောဂါများကြောင့်လည်း ကလေးငယ်များအပါအဝင် သက်ကြီးရွယ်များ အသက်ဆုံးရှုံးမှုများရှိနေကြောင်းသိရသည်။
“နိုင်ငံခြားမှာ သား/သမီး ဒါမှမဟုတ် ဆွေမျိုးရှိတဲ့ သူတွေပဲ အဆင်ပြေကြတယ်လို့ ပြောလို့ရတယ်။ နိုင်ငံခြားကနေ လတိုင်းလိုလို ငွေပို့ပေးကြတယ်ဆိုတော့ စားနိုင်တယ်၊ သောက်နိုင်ကြတယ်။ ဒါကြောင့် မိဘတိုင်းလိုလိုက သား၊ သမီးတွေနဲ့ မခွဲခွာချင်ပေမယ့် ငွေပို့နိုင်သည် ဖြစ်စေ၊ မပို့နိုင်သည်ဖြစ်စေ၊ နိုင်ငံခြားသွားဖို့ပဲ တွန်းအားပေးကြတယ်” ဟု မတူပီမြို့၊ ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ချင်းတိုင်းရင်းသားအများစုသည် စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် အများဆုံးထွက်ခွာကြပြီး အများစုသည် အလုပ်လုပ်ကိုင်ရန် သွားရောက်ကြခြင်းဖြစ်သည်။
ယခင် ၁၉၈၈ ခုနှစ်နောက်ပိုင်း ချင်းပြည်နယ်၏ ၂၀ ရာခိုင်နှုန်းခန့်သည် ပြည်ပနိုင်ငံများသို့ ထွက်ခွာခဲ့ ကြပြီး လက်ရှိတွင်အချို့သည် တတိယနိုင်ငံ(ပြည်ပ)သို့ ရောက်ရှိနေပြီးဖြစ်သလို ၂၀၁၀ ခုနှစ်နောက် ပိုင်းတွင် ချင်းပြည်နယ်သို့ ပြန်လာသူများရှိကြောင်းသိရသည်။
သို့သော် ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီက အာဏာထပ်မံသိမ်းပြီးနောက် ချင်းတိုင်းရင်းသားများသည် ထပ်မံ၍ ပြည်ပနိုင်ငံများသို့ အလုံးအရင်းဖြင့် ထွက်ခွာခဲ့ကြကြောင်းသိရသည်။
ဓာတ်ပုံ- ACR
ပုံစာ-မလေးရှားရောက် ချင်းလူမျိုးများ ကိုယ်စားပြုအဖွဲ့ ACR မှ UNHCR ထံ ဒုက္ခသည်အခွင့်အရေးအပြည့်အဝရရှိရန် ဆန္ဒဖော်ထုတ်စဥ်(ပုံဟောင်း)။
#နိုင်ငံရေးအခြေအနေ #စားဝတ်နေရေးခက်ခဲ #ချင်းလူငယ်များ #ပြည်ပနိုင်ငံ #ထွက်ခွာမှုများပြာလာ #Ayeyarwaddy_Times