
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ရက်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီက လုံခြုံရေးအရ ဟုဆိုကာ ပြောင်းရွှေ့ခိုင်းထားကြောင်း သိရသည်။
အမ်းမြို့နယ် GEတပ် (ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် ) အနီးတွင်ရှိသော ပြောင်းချောင်း ကျေးရွာနှင့် BE တပ် (စစ်မြေပြင်အင်ဂျင်နီယာတပ်) အနီးရှိ ဇာဒီမော် ကျေးရွာတို့ကို ယခု အောက်တိုဘာ ၂၁ရက်မှ စတင်၍ ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၀ရက်နေ့က အာရက္ခတပ်တော် (AA) က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်သည် BE တပ် လူပျိုဆောင်သို့ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးခန့် သေဆုံးခဲ့သည်။
အဆိုပါ သေဆုံးမှုဖြစ်ပြီးနောက် စစ်မြေပြင်အင်ဂျင်နီယာတပ်များအနီးရှိ ကျေးရွာ နှစ်ရွာကို စစ်ကောင်စီက အတင်းအဓမ္မရွှေ့ပြောင်းခိုင်းခဲ့ခြင်း ဖြစ်သည်။
“လက်နက်ကြီးနဲ့ BEတပ်ထဲ ပစ်ခံရပြီး တပ်အနီးကရွာတွေကို ပြောင်းခိုင်းတယ်ပြောတယ်။ နေရာ စီစဉ်ပေးတာလည်းမရှိဘူး။ အားချင်းရွှေ့ခိုင်းနေတာ အမှန်ပါ” ဟု အမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်တွေမြို့ရှိ နာဇီရွာရဲစခန်းအနီးတွင်ရှိသော နေအိမ် ၆၀ ခန့်ကိုလည်း ရဲစခန်းခြံစည်းရိုး ချဲ့ထွင်ခတ်မည်ဖြစ်ရာ မလွတ်သည့်အတွက် နေအိမ်များကို နိုဝင်ဘာလအတွင်း အပြီး ဖျက်ပေးရမည်ဟုပြောဆိုခဲ့ကြောင်း သိရသည်။
စစ်တွေရှိ ကျေးရွာများကို စစ်ကောင်စီက ကာကင်းစခန်းပြုလုပ်ရန် လုံခြုံရေးဂိတ်များပြုလုပ်ရန် စသည့်အကြောင်းပြချက်များဖြင့် ဖယ်ရှားမှုများပြုလုပ်လျက်ရှိသည်။
မောင်းထုတ်ခံရသည့် ကျေးရွာများမှ ဒေသခံများကိုလည်း စစ်ကောင်စီက စစ်တွေမြို့ အတွင်းပြောင်းရွှေ့စေပြီး ဧည့်စာရင်းအကြောင်းပြဖမ်းဆီး သွားပြီးနောက် မတရားအသင်းဆက်သွယ်မှု စသည့် ပုဒ်မတပ်တရားစွဲဆိုမှုများရှိသလို ငွေညှစ်၍ ပြန်လွှတ်ပေးခံရသူများလည်းရှိကြောင်း သိရသည်။
လက်ရှိတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)တည်ရှိရာ အမ်း၌ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေပြီး AA က စစ်ကောင်စီ စစ်စခန်းအချို့ကို သိမ်းပိုက်ရယူထားပြီး အမ်းလေဆိပ် ကိုပါ စစ်ကောင်စီ အသုံးပြု၍မရအောင် စောင့်ကြည့် ပစ်ခတ်မှုများလုပ်ဆောင် ထားနိုင်ကြောင်း သိရသည်။
#အမ်း #စစ်တွေ #စစ်ကောင်စီ #ကျေးရွာများ #ပြောင်းရွှေ့ခိုင်း #Ayeyarwaddy_Times