ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်

ပြည်တွင်း၊ ပြည်ပအခြေစိုက် မြန်မာသတင်းသမားများကိုကူညီရန်စီစဉ်နေကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF) ကထုတ်ပြန်ပြီး အမှန်တကယ်ထိရောက်သော ကူညီမှုများ လိုအပ် ကြောင်းသိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ပြင်ပထွက်ခွာရသည့် သတင်းသမားများလာကာ ပြည်တွင်းတွင် ဆက်လက်လုပ်ကိုင်နေသည့်သတင်းထောက်များလည်းရှိသဖြင့် RSF နှင့် Exile Hub အဖွဲ့အစည်းတို့က ပူးပေါင်း၍ ကူညီမှုများပေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံက သိရသည်။

ဖွဲ့အစည်းများအနေဖြင့် သတင်းသမားများကို ထိုသို့ အကူညီပေးရာတွင် အကျဉ်းကျနေသည့် သတင်းသမားများကို မေ့ထား၍မရကြောင်း၊ သတင်းအလုပ်လုပ်ကိုင်နေသည့် သတင်းသမားများကူညီ လိုအပ်နေသည့်သတင်းသမားများထံ ယခုအကူညီကို ရစေချင်ကြောင်း နယ်စပ်ဒေသအခြေစိုက် ပြည်တွင်းသတင်းမီဒီယာဌာနမှ အယ်ဒီတာတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

“ တကယ်အကူညီပေးတဲ့ အခါမှာလည်း လိုအပ်နေတဲ့သတင်းသမား လက်ထဲရောက်ပြီးတော့ လိုအပ်တဲ့အတိုင်းအသုံးချနိုင်တဲ့ပစ္စည်းဖြစ်ဖို့လိုပါတယ်။ အဲ့ဒီလိုမဟုတ်ဘူးဆိုရင် ပေးကားပေး၏ မရဆိုသလိုမျိုးဖြစ်နေပါမယ်။ တစ်ဖက်အဖွဲ့အစည်းအနေနဲ့ ပိုက်ဆံအရင်းအမြစ်အကုန်အကျခံပြီးတော့ ပေးတယ်ဆိုပေမယ့် တကယ်အခက်အခဲဖြစ်ပြီးတော့ လိုအပ်တဲ့သတင်းသမားတွေ ဆီကိုမရောက် မှာတော့ စိတ်ပူပါတယ်” ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိပြည်တွင်းတွင် နေထိုင်သည့် သတင်းသမားများသည် အန္တရာယ်ပိုများပြီး သတင်းသမားကဲ့သို့ နေထိုင်ပြုမူ၍မရဘဲ လုပ်ကိုင်သည့်အသက်မွေးဝမ်းကြောင်းပုံစံ ပြောင်းလဲနေထိုင်ရကြောင်း၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင်အခက်အခဲများစွာရှိနေပြီး သက်ဆိုင်ရာမီဒီယာဌာနများ၏ ကူညီပံ့ပိုးမှုလည်းလိုအပ်ကြောင်း အမျိုးသမီးသမားတစ်ဦးက ပြောကြားသည်။

“သတင်းသမားတွေအတွက်ဆိုသူတို့လိုအပ်တဲ့နေရာရွှေ့ပြောင်းဖို့ safe house လိုနေရာတွေ စီစဉ်ပေး ဖို့လိုတယ်။ ရွှေ့ပြောင်းဖို့ စရိတ်စကတွေ၊ ကျန်းမာရေးစရိတ်လိုမျိူး စရိတ်တွေထောက်ပံ့ပေး သင့်တယ်” ဟု ပြည်တွင်းရှိ အမျိုးသမီးသတင်းသမားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မြန်မာသတင်းသမားများသည် မြန်မာပြည်တွင်း၊ တိုင်းရင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားရာ လွတ်မြောက်နယ်မြေများနှင့် နယ်စပ်နေရာ အိမ်နီးချင်းထိုင်းနိုင်ငံတွင် အခြေစိုက်ခိုလှုံနေထိုင်သည့် သတင်းသမားများရှိကြောင်း သိရသည်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ ( RSF) က သတင်းသမားများကိုကူညီမှုတွင် laptop ကွန်ပျူတာ၊ မိုဘိုင်းလ်ဖုန်း၊ ဆိုလာဘတ္တရီနှင့် ဒစ်ဂျစ်တယ်ခုံခြုရေးပစ္စည်းများပါဝင်မည်ဖြစ်ပြီး အရည်အသွေးမြှင့်တင်ရေးသင်တန်းများလည်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – RSF
ပုံစာ-စစ်ကောင်စီအာဏာသိမ်းပြီးနောက် သတင်းရယူနေသော မြန်မာသတင်းသမားတွေကိုတွေ့ရစဉ် (Frontier)
#RSF #မြန်မာသတင်းသမားများကူညီမည် #ပြည်တွင်းပြည်ပ #Ayeyarwaddy_Times